ရေခမ်းခြောက်လာပြီဖြစ်သည့် စစ်တွေက ကန်တော်ကြီး

စစ်တွေမြို့ ရေဖြန့်ဝေပေးရာတွင် အဓိကကျသည့် ကန်တော်ကြီးရေကန်မှာ နွေရာသီမရောက်သည့်မီ လက်ရှိအချိန်ကပင် ရေခမ်းခြောက်စပြုနေပြီဖြစ်ကာ လာမည့်နွေရာသီတွင် လုံးဝရေခမ်းခြောက်နိုင်ကြောင်း အနီးအနားပတ်ဝန်းကျင်မှ ဒေသခံတစ်ဦးက ပြောသည်။

By Admin 28 Nov 2022

ရေခမ်းခြောက်လာပြီဖြစ်သည့် စစ်တွေက ကန်တော်ကြီး

DMG | နိုဝင်ဘာ ၂၆

စစ်တွေမြို့ ရေဖြန့်ဝေပေးရာတွင် အဓိကကျသည့် ကန်တော်ကြီးရေကန်မှာ နွေရာသီမရောက်သည့်မီ လက်ရှိအချိန်ကပင် ရေခမ်းခြောက်စပြုနေပြီဖြစ်ကာ လာမည့်နွေရာသီတွင် လုံးဝရေခမ်းခြောက်နိုင်ကြောင်း အနီးအနားပတ်ဝန်းကျင်မှ ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေမြို့ ကန်တော်ကြီးရေကန်တွင် ရေပေးဝေနေသည့် ကန် ၇ ကန်ရှိသည်။ ထိုအထဲမှ မြို့အတွက် ပင်မ ရေ‌ပေးဝေနေသည့် တာဝါပါရှိသည့်ကန်တွင် ရေခမ်းနေပြီဖြစ်သောကြောင့် ရဲတပ်ရင်းအနီးတွင်ရှိသည့်ကန်များမှ ရေကို စုပ်ယူကာ ဖြည့်ယူနေရသည်။

“လာမယ့် နွေရာသီအတွက် ရေက မလောက်နိုင်။ အချိန်နဲ့ပေးမှာပါ။ ဟိုဘက်မှာ ရေလှောင်ထားတဲ့ ကန်တစ်ကန် အပြည့်ရှိပါတယ်။ အချိန်နဲ့ပေးဖို့အတွက် စက်နှိုးပြီးတော့ ရေစုပ်ပြီးတော့ တင်နေတယ်။ တစ်မြို့လုံးအတွက်ပေးတဲ့ တာဝါနဲ့ကန်မှာ ရေကမရှိတော့ဘူး။ ဟိုဘက် ရေရှိတဲ့ ကန်တွေကနေပြီးတော့ ရေတင်နေပါတယ်၊ ဒီဘက်ကန်တွေကို။ ဒီလိုအတိုင်းအတာတွေနဲ့ ဆိုရင်တော့ အချိန်နဲ့ ရေပေးလာပါလိမ့်မယ်။ သူ့လိုင်းနဲ့ သူပေါ့။ ရေက ဒီနှစ်တော့ မလောက်နိုင်ဘူး ။ အဝီစီရေတွင်းတွေကို အားကိုးရမယ်ထင်ပါတယ်”ဟု ရေပေးဝေသည့် နေရာတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းတစ်ဦးကဆိုသည်။

အခြားဒေသခံတစ်ဦးကလည်း ယခင်နှစ်က မိုးရွာသွန်းမှု အားနည်းသောကြောင့် ကန်ကြီးများတွင်လည်း ‌ရေခမ်းခြောက်မှုရှိနေကြောင်း ‌ပြောဆိုသည်။

“ အရင်နှစ်က မိုးကလည်း သိပ်မရွာဘူး။ နှစ်တိုင်းဆိုရင် ဒီဘက်က ကန်ကြီးက ရေအပြည့် ဒီအချိန်ဆို။ အခုဆို နည်းနည်းလေးပဲရှိတော့တယ်။ ညာဘက်အခြမ်းမှာရှိတဲ့ ရေကန်က ရေတွေကို ဒီဘက်ကန်ကြီးကို ဖောက်ချထားရတယ်။ ဟိုဘက် ရဲတပ်ရင်းဘက်က ကန်ကတော့ စက်နှိုးပြီးတင်နေတယ် “ ဟု သူကပြောသည်။

စစ်တွေမြို့တွင် နွေရာသီတွင် နှစ်စဥ်ကဲ့သို့ ရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရပြီး တခြားရပ်ကွက်များတွင် မြေအောက်ရေ သုံးစွဲရန်အတွက် အဝီစိတွင်းတူးသော်လည်း ရေမထွက်သဖြင့် အခက်အခဲမျိုးစုံနှင့်ကြုံတွေ့ ရလေ့ရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင်များသည် ကန်တော်ကြီးရေကန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး “ကန်တော်ကြီးရေ နည်းနေတယ်။နွေရာသီ ရေမပြတ်ဖို့ ဘာလုပ်မလဲနဲ့ နောက်နှစ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့ ကွင်းဆင်းကြည့်ရှုပါတယ်”ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦး လှသိန်း၏ ၄င်းက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ဗီဒီယိုများ