ကျောက်ဖြူဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များတောင်းဆို

ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့က ဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

By Admin 05 Jul 2023

တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရုံးထုတ်လာစဉ်။
တရားရင်ဆိုင်နေရသည့် ကျောက်ဖြူဒေသခံနှစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ရုံးထုတ်လာစဉ်။

DMG ၊ ဇူလိုင် ၅

ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့က ဒေသခံနှစ်ဦးအမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များက တောင်းဆိုလိုက်သည်။

ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁)နှစ်နှင့် ဒေါ်ခင်အုန်းနွှဲ့ (၅၆)နှစ် တို့အမှုမှာ သက်သေအားလုံး စစ်ဆေးပြီး၍ အပြီးသတ်အမိန့်ချမှတ်ရန်သာကျန်ရှိသော်လည်း တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ သုံးကြိမ်အထိရှိလာပြီဖြစ်သည်။

၎င်းတို့အမှုကို ဇူလိုင်လ ၄ ရက်နေ့တွင် အမိန့်ချမှတ်ရန် ကျောက်ဖြူခရိုင်တရားရုံးက ရုံးချိန်းခဲ့သော်လည်း အမိန့်ချမှတ်ခြင်းမရှိဘဲ ဇူလိုင်လ ၁၈ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

တရားရင်ဆိုင်နေသူ ဒေါ်ခင်အုန်းနွှဲ့၏သမီး မမြနွဲ့က “အမှုက အားလုံးကိုစစ်ဆေးပြီးသွားပေမယ့် အခုထိ အမိန့်မချသေးဘူး။ ဘာကြောင့်ကြာနေတာလဲ ကျမတို့လည်း နားမလည်ဘူး။ အမိန့်ချမယ့်နေ့ကို ခဏခဏ ရွှေ့ဆိုင်းနေတယ်။ တရားရုံးအနေနဲ့ အမိန့်ကို အမြန်ဆုံး ချပေးစေချင်ပါတယ်” ဟု ပြောသည်။

၎င်းတို့နှစ်ဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့ပြီး AA အတွက် ရန်ပုံငွေကောက်ခံပေးသည့် စွပ်စွဲချက်ဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားရင်ဆိုင်နေရမှု ကြာမြင့်လာသည်နှင့်အမျှ မိသားစုဝင်များမှာ အခက်အခဲများရှိနေကြသည်။

ဦးသန်းလှိုင်၏ဇနီး ဒေါ်ချိုချိုသိန်းက “ကျမတို့မှာက အိမ်ငှားပြီးနေရတာ။ သမီးကြီးကလည်း ဒီနှစ်ဆို ကျောင်းတက်နေပြီ။ ငွေကြေးကအစ အဆင်မပြေတာတွေ အများကြီးဖြစ်နေတယ်။ အဲဒါကြောင့် ထောင်ချရင်လည်းချ၊ လွှတ်ရင်လည်း အမြန်ဆုံးလွှတ်ပေးပါ။ ဟိုနေ့ကိုရွှေ့ဆိုင်းလိုက် ဒီနေ့ကိုရွှေ့လိုက်နဲ့ စိတ်ပင်ပန်းရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများ၏ အမှုများတွင် အမိန့်ချရန်သာ ကျန်ရှိသော်လည်း အမိန့်မချဘဲ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်းနေသည်ဟု မိသားစုဝင်များနှင့် အမှုလိုက်ရှေ့နေများထံမှ သိရသည်။

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲခံထားရသည့် ကျောက်တော်ဒေသခံ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း အပါအဝင် သုံးဦးအမှုကို မြို့နယ်တရားရုံးက အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ (၈) ကြိမ်အထိ ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များ ပြောသည်။

DMG က ကောက်ယူထားသောစာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)၊(ခ)နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁)(၂) တို့ဖြင့်တရားစွဲဆိုခံထားရသူ ၅၀ ဦးခန့်ရှိသည်။

#I008