လူထုဇော်ဝင်းအပါအဝင် သုံးဦးကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည် 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ၎င်းတို့ကိုစွဲဆိုထားသည့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက် အမိန့်ချမှတ်ထားခြင်းဖြစ်သည်။ 

By Admin 14 Mar 2023

တရားရင်ဆိုင်နေရသူ ကိုဇော်ဝင်း(ဝဲ) နှင့် ကိုဇော်မင်းထက်(ယာ)
တရားရင်ဆိုင်နေရသူ ကိုဇော်ဝင်း(ဝဲ) နှင့် ကိုဇော်မင်းထက်(ယာ)

DMG ၊ မတ် ၁၄ 

ရခိုင်ပြည်၊ ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း အပါအဝင် ကျောက်တော်ဒေသခံ ၃ ဦးကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူထံမှ သိရသည်။ 

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ၎င်းတို့ကိုစွဲဆိုထားသည့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက် အမိန့်ချမှတ်ထားခြင်းဖြစ်သည်။ 

လက်ရှိမှာ သက်သေအားလုံးကို စစ်ဆေးပြီးပြီဖြစ်သဖြင့် ယနေ့ မတ်လ ၁၄ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ကြားနာပြီး လာမည့် မတ်လ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်သွားမည်ဟု အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက DMG သို့ပြောသည်။ 

“ဒီနေ့ နှစ်ဦးနှစ်ဖက် အပြီးသတ် လျှောက်လဲချက်တင်ပါတယ်။ ကျနော်တို့ဘက်ကတော့ တရားသေလွှတ်ပေးဖို့ ဆိုပြီး တင်ပါတယ်” ဟု အဆိုပါရှေ့နေက ပြောသည်။ 

တရားစွဲဆိုခံထားရသူများမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ လူထုဇော်ဝင်း(ခ)ကိုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မင်းထက်နှင့် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီးမောင်းနှင်သူ ဦးကျော်သန်းမောင်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီး နောက်တစ်နေ့တွင် ကိုဇော်ဝင်း(ခ)လူထုဇော်ဝင်း အပါအဝင် ကျောက်တော်ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရသည်။ 

ယင်းအထဲမှတချို့ကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း ကိုဇော်ဝင်းအပါအဝင်သုံးဦးမှာ ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံရပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅ (က)ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ 

ကိုဇော်မင်းထက်၏ ဖခင်ဖြစ်သူ ဦးစံလှကျော်က “သားကို ပြန်လွှတ်လာစေချင်တယ်။ ကျနော်တို့လည်း သိပ်စိတ်ဒုက္ခများရတယ်။ သူ့ကို စစ်ဆေးတဲ့အခါလည်း AA နဲ့ လုံးဝပတ်သက်မှုမရှိ၊ ဆက်နွယ်မှုမရှိဘူးလို့ ထွက်ဆိုခဲ့တဲ့အတွက် ပြန်လွှတ်လာဖို့ပဲ မျှော်လင့်တယ်” ဟု ပြောသည်။

ကျောက်တော်ဒေသခံသုံးဦး တရားရင်ဆိုင်နေကြရသည်မှာ လက်ရှိတွင် ၉ လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ၎င်းတို့သုံးဦးမှာ အဆိုပါပုဒ်မဖြင့် ငြိစွန်းမှုမရှိသည့်အတွက် ပြန်လည်လွတ်မြောက်လာမည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။ 

“သူ့ကို စစ်ဆေးတဲ့အခါ အပြစ်တစ်စုံတစ်ရာ မရှိခဲ့တဲ့အတွက် ကျမတို့အနေနဲ့ ပြန်လွှတ်လာဖို့ပဲ မျှော်လင့်တယ်” ဟု ကိုဇော်ဝင်း၏ ဇနီးဖြစ်သူ ဒေါ်ခင်လှဇံက ပြောသည်။ 

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ-၅၀၅(က) ကိုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။ 

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ အများအပြားရှိခဲ့သည်။  

DMG က ကောက်ယူထားသည့် စာရင်းအရ တကျော့ပြန်တိုက်ပွဲကာလအတွင်း AA နှင့် ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီးနောက် မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ၊ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အမှုဖွင့်ခံထားရသူ ၅၀ ဦးခန့်ရှိသည်။

#I001

ဗီဒီယိုများ