အရှေ့တီမောနိုင်ငံ မီဒီယာဖိုရမ်သို့ စစ်ကောင်စီခန့် မီဒီယာကောင်စီကို တက်ခွင့်ပေးမှုအပေါ် မီဒီယာအဖွဲ့အစည်း ၃၀ ကျော် ကန့်ကွက်

အရှေ့တီမောနိုင်ငံတွင်ကျင်းပခဲ့သော မီဒီယာဖိုရမ်သို့ စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ကိုယ်စားပြုတက်ရောက်ခွင့်ပေးခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့အစည်း ၃၃ ဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

10 Sep 2022

photo crd- myanmar national portal

DMG ၊ စက်တင်ဘာ ၁၀

အရှေ့တီမောနိုင်ငံတွင်ကျင်းပခဲ့သော မီဒီယာဖိုရမ်သို့ စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ကိုယ်စားပြုတက်ရောက်ခွင့်ပေးခဲ့သည့်အပေါ် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့အစည်း ၃၃ ဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တွင် အရှေ့တီမောနိုင်ငံ၌ မီဒီယာစိန်ခေါ်မှုများခေါင်းစဉ်ဖြင့် ကျင်းပခဲသည့် “The Dili Dialogue Forum 2022”သို့ ဝန်ကြီးဟောင်း၊ ရေတပ်ဗိုလ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၏ သားဖြစ်သူ ဦးအေးချမ်းက စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့သည်။

အဆိုပါဖိုရမ်တွင် စစ်ကောင်စီကခန့်ထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးအေးချမ်းက အာဏာသိမ်းမှုသည် တရားဝင်ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအတွင်းမှ သတင်းမီဒီယာများတင်ဆက်နေမှုများသည် သတင်းတု၊ သတင်းမှားများဖြစ်ကာ တိုင်းပြည်အခြေအနေကို ပိုမိုဆိုးဝါးလာအောင် ပြုလုပ်နေဟုပြောဆိုခဲ့သည်။

အရှေ့တီမောနိုင်ငံတွင်ကျင်းပခဲ့သည့် မီဒီယာဖိုရမ်သို့ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို ဖိတ်ခေါ်ပြီး တစ်ဖက်သက်ပြောခွင့်ပေးခြင်းမှာ မည်သည့်ရည်ရွယ်ချက်ရှိသနည်းဟု မေးခွန်းထုတ်စရာဖြစ်နေကြောင်း ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတစ်ဦးဖြစ်သည့် ဦးအောင်ဇော်ကပြောသည်။

“ဘယ်သူက ဒါကိုဖိတ်တာလည်း၊ ဘာရည်ရွယ်ချက်နဲ့ဖိတ်တာလဲ။ ဒီယူနက်စကိုလို UN အဖွဲ့အစည်းတစ်ခုကနေပြီး MPC ကိုဖိတ်ပြီးတော့ တစ်ဖက်သက်ပြောခိုင်းမှုဟာ ဘာရည်ရွယ်ချက်တွေရှိသလဲဆိုတာ မေးခွန်းထုတ်စရာတွေဖြစ်လာတာဖြစ်ပါတယ်”ဟု ဦးအောင်ဇော်ကပြောသည်။

အရှေ့တီမောနိုင်ငံ မီဒီယာဖိုရမ်တွင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မြန်မာနိုင်ငံရှိ လွတ်လပ်သောသတင်းမီဒီယာများ၏ ရပ်တည်နေရသည့်အခြေအနေနှင့် သတင်းလွတ်လပ်ခွင့်အခြေအနေများကို တစ်လုံးတစ်ပါဒမျှ ပြောကြားခဲ့ခြင်းမရှိဘဲ ဝါဒဖြန့်သတင်းစကားများကိုသာ ဖြန့်ဝေခဲ့သည်ဟု မီဒီယာအဖွဲ့များမှဆိုသည်။

ယင်းအပြင် စစ်ကောင်စီခန့်အပ်ထားသည့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် အာဏာသိမ်းပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ တိကျမှန်ကန်ခိုင်လုံသော မြေပြင်သတင်းအချက်အလက်များနှင့် ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ကွယ်ပြုကာ အရှေ့တီမောနိုင်ငံ မီဒီယာဖိုရမ်တွင် မြန်မာနိုင်ငံ၏ မီဒီယာစိန်ခေါ်မှုများခေါင်းစဉ်ဖြင့် တင်ပြခဲ့ခြင်းများသည် နိုင်ငံတကာမီဒီယာသို့ သတင်းမှားများကို ဖြန့်ဝေခြင်းသာဖြစ်ကြောင်း မီဒီယာအဖွဲ့များမှ ထောက်ပြထားသည်။

အကြမ်းဖက်လုပ်ရပ်များ၊ ပြည်သူလူထု၏ နေ့စဉ်မတော်မတရားခံနေရမှုများအား ရေးသားဖော်ပြသည့် မီဒီယာများကို နှိပ်ကွပ်နေသော စစ်ကောင်စီကို လူရာမသွင်းရန်အတွက် နိုင်ငံတကာသိအောင် ယခုကဲ့သို့ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်သည်ဟု ရခိုင်အခြေစိုက် Border News Agency သတင်းဌာန တည်ထောင်သူ ဦးကောင်းမြတ်နိုင်ကပြောသည်။

“စစ်တပ်က အာဏာမသိမ်းမီရော၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာရော ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ သတင်းမီဒီယာတွေပိတ်သိမ်းခံရတာတွေ၊ တရားစွဲခံရတာတွေ၊ ထိန်းသိမ်းခံရတာတွေရှိနေတယ်။ ဒါပေမဲ့ သူတို့က အဲဒါတွေကို လျစ်လျူရှုပြီးတော့ တကယ့်အမှန်တရားရေးနေတဲ့ မီဒီယာတွေက မဟုတ်မမှန်ရေးနေသလိုမျိုး၊ အပြစ်ရှိသလို ပြောဆိုနေတဲ့အတွက် ကျွန်တော်တို့ကပူးပေါင်းပါဝင်ပြီးတော့ ထုတ်ပြန်တာဖြစ်တယ်”ဟု ဦးကောင်းမြတ်နိုင်ကပြောသည်။

သတင်းလွတ်လပ်ခွင့်ကိုဖိနှိပ်ပြီး သတင်းလောကအား ကိုယ်စားမပြုသော စစ်ကောင်စီ၏ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို အရှေ့တီမောနိုင်ငံ၌ကျင်းပသည့် မီဒီယာဖိုရမ်တွင် ကိုယ်စားပြုစာတမ်းတင်ပြခွင့်ပေးမှုကို မီဒီယာအဖွဲ့အစည်းများက ပြင်းထန်စွာရှုံ့ချထားသည်။

စစ်ကောင်စီကဖြန့်ဝေနေသည့် သတင်းအမှားနှင့် လုပ်ကြံသတင်းများကို တိုက်ဖျက်ရန်အတွက်လည်း အရှေ့တောင်အာရှနိုင်ငံများ သတင်းမီဒီယာကောင်စီများနှင့် ပူးပေါင်းလုပ်ဆောင်လိုပြီး ထိုသို့လုပ်ဆောင်ရန်အတွက် အထောက်အပံ့ပေးရန် မီဒီယာအဖွဲ့များမှထုတ်ပြန်ချက်မှတဆင့် တောင်းဆိုထားသည်။

“စစ်ကောင်စီက ဒီလိုဆက်ပြီးတော့ မီဒီယာတွေကို ဖိနှိပ်နေသရွှေ့ကတော့ မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်နဲ့ သတင်းအမှန်တွေ၊ သတင်းစာတိုက်တွေ အရင်တုန်းကလို ပြန်လည်ရှင်သန်ဖို့ အခွင့်အလမ်းအရမ်းကိုနည်းတယ်”ဟု ဧရာဝတီသတင်းဌာနမှ အယ်ဒီတာ ဦးအောင်ဇော်ကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ယနေ့အချိန်ထိ ဖမ်းဆီးခံရသည့် သတင်းထောက်ပေါင်း ၁၄၀ ကျော်ရှိပြီး ယင်းအထဲမှ ၅၇ ဦးမှာ ယနေ့အထိ ဆက်လက်ဖမ်းဆီးခံထားရကာ ဖမ်းဆီးခံရစဉ်ကာလအတွင်း နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားသော သတင်းသမား ၄ ဦးအထိရှိကြောင်း အဆိုပါသတင်းမီဒီယာအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွင်းမှ သတင်းမီဒီယာအဖွဲ့အစည်း ၁၁ ဖွဲ့မှာလည်း လုပ်ငန်းလိုင်စင်များ ရုပ်သိမ်းခံထားရကြောင်း သိရသည်။

ဗီဒီယိုများ