မင်းဂံရပ်ကွက် အကွက်(၈) ဈေးမှ ဆိုင်ခန်း ၂၀ ကျော်ကို ဖယ်ရှားရန် အသိပေး

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈) ဈေးရှိ ဈေးဆိုင်ခန်း ၂၀ ကျော်ကို မီးသတ်တပ်ဖွဲ့ပိုင်မြေဟုဆိုကာ ဖယ်ရှားပေးရန် အသိပေးလာကြောင်း ဈေးသည်များထံမှ သိရသည်။

By Admin 24 Oct 2023

မင်းဂံရပ်ကွက် အကွက်(၈)ဈေးရှိ ဆိုင်ခန်းများကို အောက်တိုဘာ ၂၁ ရက်တွင် တွေ့ရစဉ်။
မင်းဂံရပ်ကွက် အကွက်(၈)ဈေးရှိ ဆိုင်ခန်းများကို အောက်တိုဘာ ၂၁ ရက်တွင် တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက် အကွက်(၈) ဈေးရှိ ဈေးဆိုင်ခန်း ၂၀ ကျော်ကို မီးသတ်တပ်ဖွဲ့ပိုင်မြေဟုဆိုကာ ဖယ်ရှားပေးရန် အသိပေးလာကြောင်း ဈေးသည်များထံမှ သိရသည်။

မင်းဂံရပ်ကွက်ရှိ စစ်တွေခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆိုင်ခန်းများအား နေရာဖယ်ရှားပေးရန် ဈေးသည်များကို အောက်တိုဘာ ၂၁ ရက်က လာရောက်အသိပေးခဲ့ခြင်း ဖြစ်သည်။

“အရင်ကလည်း လာပြောတာတွေရှိတယ်။ ဒီနှစ်အတွင်းမှာ ဒီတစ်ခေါက်နဲ့ဆို နှစ်ကြိမ်ရှိပြီ။ သူတို့က ခြံစည်းရိုးကာမှာဖြစ်တဲ့အတွက် ဖယ်ပေးရမယ်လို့ပြောတယ်။ ဘယ်နေ့ ဖယ်ပေးရမယ်ဆိုတာတော့ မပြောသေးဘူး” ဟု ဈေးသည် ဒေါ်နန္ဒာဝင်းက ပြောသည်။

ဖယ်ရှားပေးရမည့် ဈေးဆိုင်ခန်း၂၀ ကျော်ထဲတွင် အဝတ်အထည်ဆိုင်၊ လူသုံးကုန်ပစ္စည်းအရောင်းဆိုင်၊ ဟင်း/ငါးဈေးတန်း၊ မုန့်ဆိုင်များပါဝင်ကြောင်း သိရသည်။

ဈေးသည်များမှာ တစ်နေ့တာဈေးရောင်းပြီး စားဝတ်နေရေးကို ဖြေရှင်းနေရသူများဖြစ်သဖြင့် ဆိုင်ခန်းများကို ဖယ်ရှားပေးရမည်ဆိုပါက အခက်အခဲများနှင့် ကြုံတွေ့လာရမည်ကို စိုးရိမ်နေကြသည်။

“သူတို့က နေရာကိုဖယ်ပေးရမယ်ဆိုပြီး အတင်းအကျပ်ပြောလာတာ မဟုတ်ဘူး။ ဘက်ဂျက်ကျပြီဖြစ်တဲ့အတွက် ခြံစည်းရိုးလုပ်ရမယ်လို့ အသိလာပေးတာ။ မြေနေရာနည်းနည်းပဲ ပိုနေတာဆိုရင် နားလည်ပေးဖို့ပြောတယ်။ ဒါပေမယ့် ကျမတို့ကစိုးရိမ်တယ်။ တကယ်လို့ ဖယ်ရှားခံရရင် ကျမတို့အတွက် စားဝတ်နေရေးခက်ခဲသွားမှာ” ဟု ဈေးသည် ဒေါ်ခင်မေက ပြောသည်။

မင်းဂံရပ်ကွက် အကွက် (၈)ဈေးရှိ ဆိုင်ခန်းများကိုဖယ်ရှားပေးရန် ယခင်ကလည်း အသိပေးပြောဆိုမှုများ ရှိခဲ့၍ ဈေးသည်များမှာ ပြည်နယ်မီးသတ်ဦးစီးဌာနတွင် အသနားခံစာတင်ခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရမည်ဆိုပါက အခက်အခဲနှင့် ကြုံတွေ့လာရနိုင်သဖြင့် ဈေးသည်များ၏ စားဝတ်နေရေးကို ထည့်သွင်းစဉ်စားပေးရန် တောင်းဆိုနေကြသည်။

“ကျမတို့ ဆိုင်ခန်းကို သိန်း ၃၀ ပေးပြီး ဝယ်ထားတာ နှစ်နှစ်ကျော်ပဲရှိသေးတယ်။ ဟင်းရောင်းစားပြီး တစ်နေ့အတွက် တစ်နေ့ဖြေရှင်းနေရတာ။ ဈေးဆိုင်ခန်းကိုဖျက်လိုက်ရင် သိပ်အခက်အခဲရှိတယ်။ ကျမတို့အတွက် မြေနေရာ အစားထိုးလုပ်ပေးတာဖြစ်ဖြစ် စဉ်းစားပြီးလုပ်ပေးစေချင်တယ်” ဟု ဈေးသည် ဒေါ်မထွေးချေက ပြောသည်။

ဈေးဆိုင်ခန်းများ ဖယ်ရှားခိုင်းသည့်ကိစ္စမှာ ချက်ချင်းဖယ်ရှားရန် မဟုတ်ဘဲ ကြိုတင်အသိပေးခြင်းသာဖြစ်သည်ဟု စစ်တွေခရိုင်မီးသတ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဘာမှ မဟုတ်ပါဘူး။ ဒီအတိုင်း အသိပေးထားရုံပါ။ ကိုယ့်အနီးအနားလူတွေဆိုတော့ ဒီအတိုင်း အထက်ကအသိပေးရင် ချက်ချင်းမဖြစ်ရအောင်လို့ အသိပေးတဲ့သဘောပါ” ဟု သူကပြောသည်။

စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အကွက် (၂)ဈေးနှင့် အကွက်(၈)ဈေးတို့ရှိပြီး အကွက်(၈) ဈေးကို ဖွင့်လှစ်ထားသည်မှာ ၂၅ နှစ်ကျော်ခန့်ရှိဖြစ်ကာ မင်းဂံရပ်ကွက်ရှိဒေသခံများ အဓိက ဈေးရောင်း/ဈေးဝယ်နေကြသည့် ရပ်ကွက်ဈေးတစ်ခုဖြစ်သည်။

ဗီဒီယိုများ