မုဒုံတွင် မွတ်ဆလင် ၇၈ ဦးဖမ်းဆီးခံရ

မုဒုံမြို့ ကမာဝက်ချောင်းဝတွင် ခေတ္တ ကျောက်ချရပ်နားထားသည့် စက်လှေတစ်စီးကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့ရာ ကလေးငယ်များအပါအဝင် အမျိုးသား (၅၆) ဦးနှင့် အမျိုးသမီး (၂၂) ဦး စုစုပေါင်း ၇၈ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကမာဝက်ချောင်းဝအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

By Admin 06 Dec 2022

မုဒုံတွင် မွတ်ဆလင် ၇၈ ဦးဖမ်းဆီးခံရ

မွတ်ဆလင် ၇၈ ဦးကို မုဒုံမြို့တွင် ဖမ်းဆီး ထားသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ- လူမှုစာမျက်နှာ

DMG | ဒီဇင်ဘာ ၆

မွန်ပြည်နယ် မုဒုံမြို့တွင် အထောက်အထားမဲ့ ခရီးသွား မွတ်ဆလင် (၇၈) ဦးကို ယမန်နေ့ (ဒီဇင်ဘာ ၅) နံနက် ၇ နာရီ အချိန်ခန့်တွင် အာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

မုဒုံမြို့ ကမာဝက်ချောင်းဝတွင် ခေတ္တ ကျောက်ချရပ်နားထားသည့် စက်လှေတစ်စီးကို စစ်တပ်နှင့် ရဲ ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးခဲ့ရာ ကလေးငယ်များအပါအဝင် အမျိုးသား (၅၆) ဦးနှင့် အမျိုးသမီး (၂၂) ဦး စုစုပေါင်း ၇၈ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကမာဝက်ချောင်းဝအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ လာရပ်ထားတာ စက်လှေတစ်စီးပဲ ရှိတယ်။ အဲဒါကို ဘယ်သူက အကြောင်းကြားလဲတော့ မသိဘူး။ စစ်တပ်ရယ် ထွေ/အုပ်ရယ် လဝကရယ် ရဲတွေရယ် အဖွဲ့စုံ လာစစ်တယ်။ စက်လှေဝမ်းထဲမှာ ပုန်းနေတာကိုတွေ့ပြီး ဖမ်းခေါ်သွားတယ် ” ဟု သူကပြောသည်။

အဆိုပါ မွတ်ဆလင်များကို လက်ရှိတွင် မုဒုံမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ သူတို့က စက်လှေဝမ်းဗိုက်အောက်ထဲမှာ ပုန်းပြီး လိုက်လာကြတာ။ ကလေးငယ်တွေနဲ့ လူငယ်တွေက ဆယ်ဦးကျော်လောက် ပါတယ်။ ကျန်တာက လူလတ်ပိုင်းတွေ များတယ်။ အခု စခန်းထဲမှာ စစ်ဆေးနေပါတယ်” ဟု မြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်း ဖမ်းဆီးရမိသူများမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မှ မော်လမြိုင်သို့ ကုန်တင်ကားဖြင့် ဝင်ရောက်ခဲ့ကာ မုဒုံမြို့မှတဆင့် ရေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာမည့်သူများဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ ရခိုင်ဘက်ကနေ ပွဲစားနဲ့ တခါထဲ ချိတ်ပြီး ဝင်လာတာ။ ရန်ကုန်ကို အရင်ဝင်တယ်။ နောက် မော်လမြိုင်ကို ကုန်တင်ကားနဲ့ ဝင်ပြီးတော့ မုဒုံကို စက်လှေနဲ့လာပြီး တခါထဲ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ ကူးမယ်လို့ သိရပါတယ် ” ဟု ၄င်းကထပ်မံပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ရက်နေ့ကလည်း ဘီလင်းမြို့ ရွှေသံလွင် စစ်ဆေးရေးဂိတ်၌ အိမ်စီးကား (၃)စီးတွင် အထောက်အထားမဲ့ မွတ်ဆလင် (၃၆) ဦးကို စစ်တပ်နှင့် ရဲအဖွဲ့မှ ဖမ်းဆီးခဲ့မှုများ ရှိခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း လှည်းကူး မြို့နယ်တွင် ယမန်နေ့က ကားလမ်းမပေါ်သို့ စွန့်ပစ်ထားသည့် မွတ်ဆလင်လူမျိုး (၁၃) ဦး အလောင်းကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ဗီဒီယိုများ