- စပါးများ ရောင်းမထွက်နိုင်ဘဲ သောင်တင်နေကြောင်း ရခိုင်တောင်သူများ ပြော
- ဝေးလံခေါင်ဖျားဒေသက ကလေးများ ပညာသင်နိုင်ရေး ရက္ခိုင်ကျောင်းသားသမဂ္ဂ စီစဉ်နေ
- လူမနေသည့် အိမ်မှ ပစ္စည်းခိုးသူများကို AA ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေး
- ရခိုင်တွင် ကလေးလုပ်သား အများအပြား တွေ့လာရ
- ဂျာမနီမှာ အမျိုးသားများအတွက် စစ်မှုထမ်းဆိုင်ရာ ကြံ့ခိုင်ရေး စစ်ဆေးမည့် ဥပဒေ စီစဉ်
စပါးများ ရောင်းမထွက်နိုင်ဘဲ သောင်တင်နေကြောင်း ရခိုင်တောင်သူများ ပြော
ရခိုင်တွင် စပါးဈေးကွက်မရှိဘဲ စိုက်ပျိုးရာသီ နှစ်ရာသီထိ ရှိနေပြီဖြစ်သဖြင့် တောင်သူများမှာလည်း အရင်းအနှီးများစွာကြားမှ စိုက်ပျိုးထားသော စပါးများ ရောင်းမထွက်နိုင်၍ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။
26 Jul 2025

DMG ၊ ဇူလိုင် ၂၆
ရခိုင်တွင် ပြီးခဲ့သည့်နှစ် စပါးရိတ်သိမ်းရာသီက သိမ်းဆည်းသိုလှောင်ထားသော စပါးများမှာ မိုးလယ်ပိုင်း ရောက်ရှိလာပြီဖြစ်သော်လည်း ရောင်းမထွက်နိုင်ဘဲ သောင်တင်နေကြောင်း တောင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်က အာရက္ခတပ်တော်က ဖွဲ့စည်းထားသော ကုန်သည်ကြီးအသင်းမှ လယ်သမားတစ်ဦးထံမှ စပါးတင်း ၁၅၀ ခန့်ထိ ဝယ်ယူမှုများရှိခဲ့ပြီး ယခုနှစ်တွင် ထိုသို့ ဝယ်ယူခြင်းမရှိသဖြင့် စပါးရောင်းမထွက်ဘဲ အခက်ကြုံနေကြရခြင်းဖြစ်သည်။
"ဒီနှစ်လည်း စပါးအဝယ်ဈေးကွက်က မရှိဘူး။ ကုန်သည်တွေလည်း အဝယ်နည်းတယ်။ ကုန်သည်ကြီးများအသင်းကလည်း ဝယ်တာတွေ မရှိတော့ဘူး။ လယ်သမားတွေမှာ ဒီစပါးတွေ ရောင်းမထွက်တော့ အခုလယ်ယာတွေကို သွင်းရမယ့် သွင်းအားစုစရိတ်မရှိကြဘူး" ပုဏ္ဏားကျွန်း မြို့နယ်က လယ်သမား ဦးအေးထွန်းက ပြောသည်။
တိုက်ပွဲစတင်ချိန်မှ စ၍ ရခိုင်ဒေသကို စစ်ကောင်စီ လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားမှုကြောင့် ပြည်မနှင့် ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းနေပြီး ထိုအကျိုးဆက်က ရခိုင်လယ်ယာ စိုက်ပျိုးရေးအပေါ် သက်ရောက်မှုများစွာ ရှိနေသည်။
ရခိုင်တွင် စပါးဈေးကွက်မရှိဘဲ စိုက်ပျိုးရာသီ နှစ်ရာသီထိရှိနေပြီဖြစ်သဖြင့် တောင်သူများမှာလည်း အရင်းအနှီးများစွာကြားမှ စိုက်ပျိုးထားသော စပါးများ ရောင်းမထွက်နိုင်၍ အရှုံးနှင့်ရင်ဆိုင်နေကြရသည်။
လက်ရှိ ရခိုင်တွင် ပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ငွေကျပ် သိန်း ၂၀ နှင့် အိန္ဒိယချေ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၅ သိန်းထိ ကာလပေါက်ဈေးရှိနေကြောင်း တောင်သူများထံမှ သိရသည်။
ဒေသတွင်း ဆန်စက်ကြီးများမှာလည်း တိုက်ပွဲစတင်ချိန်မှ စ၍ ပုံမှန်မလည်ပတ်နိုင်တော့ဘဲ ပြည်တွင်း စားသုံးနိုင်ရန်အတွက်သာ အနည်းငယ် ဝယ်ယူကြိတ်ခွဲ ရောင်းချနေကြရသည်။
"ထွက်ကုန်စပါးကို ဘယ်သူမှ ဝယ်မယ့်သူ မရှိဘူး။ ဝယ်လာကြရင်လည်း ဈေးက မရဘူး။ သွင်းအားစုစရိတ်နဲ့ ထုတ်ကုန်တန်ဖိုး မမျှဘူး။ စပါးရောင်းမထွက်တော့ တောင်သူတွေမှာ အရှုံးနဲ့ပဲ ရင်ဆိုင်နေကြရတာ" ဟု မြောက်ဦးမြို့နယ်မှ လယ်သမား ဒေါ်သိန်းသိန်းအေးက ပြောသည်။
လာမည့် ရိတ်သိမ်းကာလမရောက်မီ ရခိုင်တွင် စပါးဈေးကွက်တစ်ခု ဖန်တီးရန် လိုအပ်နေပြီး ထိုသို့ မလုပ်ဆောင်နိုင်ပါက တောင်သူများမှာ နစ်နာမှုများနိုင်ကာ လယ်ယာစိုက်ပျိုးရေးကဏ္ဍလည်း များစွာထိခိုက်လာနိုင်ကြောင်း တောင်သူများက ပြောဆိုထားကြသည်။