အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချမှုကို ထိန်းချုပ်ရန် စစ်ကောင်စီကြိုးပမ်းလာ

ဇူလိုင်လ ၂၁ ရက်မှစ၍ ခြောက်လအတွင်း လုပ်ငန်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ လုပ်ကိုင်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၃ နှစ်ထိ ချမှတ်နိုင်သည့်အပြင် ကျပ် ၅ သိန်းထက်မပိုင်သော ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။

By Admin 22 Jul 2023

အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချမှုကို ထိန်းချုပ်ရန် စစ်ကောင်စီကြိုးပမ်းလာ

DMG ၊ ဇူလိုင် ၂၂

မြန်မာနိုင်ငံအတွင်း အွန်လိုင်းပလက်ဖောင်းကို အသုံးပြုပြီး ဈေးရောင်းချနေသူများအနေဖြင့် မှတ်ပုံမတင်လျှင် အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (ဂ) အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်လိုက်၍ မည်သူမဆို အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချမည်ဆိုပါက မှတ်ပုံတင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇူလိုင်လ ၂၁ ရက်မှစ၍ ခြောက်လအတွင်း လုပ်ငန်းမှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ လုပ်ကိုင်ပါက အနည်းဆုံး ထောင်ဒဏ် ၆ လမှ ၃ နှစ်ထိ ချမှတ်နိုင်သည့်အပြင် ကျပ် ၅ သိန်းထက်မပိုင်သော ဒဏ်ငွေကိုလည်း ချမှတ်နိုင်သည်။

“ဒီအမိန့်အရ အွန်လိုင်းကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ လုပ်ငန်းငယ်လေးတွေကို ထိခိုက်စေမှာတော့ အမှန်ပဲ။ အခုလို တိုင်းပြည် ကမောက်ကမဖြစ်နေချိန်မှာ အခက်အခဲဖြစ်အောင် လုပ်ဆောင်တာဟာ ဘယ်သူ့အတွက်မှ မကောင်းဘူး” ဟု အွန်လိုင်းမှတစ်ဆင့် ငါးပိ၊ ငါးခြောက်ရောင်းချနေသူ ကိုဇေယျာစိုပြေက ပြောသည်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆိုသည်မှာ - ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့်လုပ်ငန်းကိုဆိုသည် ဟု ဥပဒေတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း အွန်လိုင်းစနစ်ဖြင့် ဈေးရောင်းချသူများပြားနေပြီး အွန်လိုင်းဈေးကွက်စနစ်မှာလည်း တွင်ကျယ်လာနေသည်။ ယခုကဲ့သို့ အလုပ်အကိုင်ရှားပါးသည့်ကာလမျိုးတွင် အွန်လိုင်ဈေးရောင်းချသူများမှာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လှမ်းက ဝင်ငွေတစ်ခုရရှိနေကြသည်။

“အွန်လိုင်း shop တစ်ခုလုပ်နေလို့ ကလေးအတွက်ဆိုလည်း မုန့်ဖိုးစရိတ်လေးဖြစ်ဖြစ် တစ်ခုကာမိတယ်။ မှတ်ပုံတင်မှ လုပ်ခွင့်ပေးမယ်ဆိုတာကတော့ ကျမတို့အတွက် အဆင်မပြေဘူး” ဟု အွန်လိုင်းမှတစ်ဆင့် အဝတ်ရောင်းချနေသူ စစ်တွေမြို့မှ မထက်ထက်က ပြောသည်။

အွန်လိုင်းဈေးရောင်းချသူနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မှတ်ပုံတင်ပြီး လည်ပတ်ရမည်ဆိုလျှင် အခွန်ဆောင်ရတော့မည်ဖြစ်၍ ကုန်ပစ္စည်းဈေးနှုန်းလည်း မြင့်တက်လာနိုင်ကြောင်း ရောင်းချသူများက ပြောသည်။

အွန်လိုင်းဈေးရောင်းမှုမှာ စီးပွားရေးကြီးတစ်ခု မဟုတ်ဘဲ တပိုင်တနိုင် လုပ်ငန်းငယ်တစ်ခုသာဖြစ်ပြီး မှတ်ပုံတင်မှ လုပ်ကိုင်ရမည်ဆိုပါက အမြတ်ငွေမရှိဘဲ အရှုံးပေါ်လာနိုင်ကြောင်း အွန်လိုင်းမှတစ်ဆင့် အဝတ်အထည်ရောင်းချသူ ရန်ကုန်မြို့မှ မကေသီက ပြောသည်။

“မှတ်ပုံတင်ရမယ်ဆိုတာ အစ်မတို့ဆီကရတဲ့အခွန်နဲ့ ကောင်းအောင်လုပ်ပေးနိုင်မယ်ဆိုရင် ဒါဟာ ဥပဒေနဲ့ညီတဲ့ စီးပွားရေးအင်္ဂါရပ် ဖြစ်မယ်။ ဒီလိုမဟုတ်ရင်တော့ အသေးစားအွန်လိုင်းလုပ်ငန်းလေးတွေတော့ ပြုတ်သွားနိုင်တယ်” ဟု မကေသီက ပြောသည်။

စစ်ကောင်စီက သတ်မှတ်လိုက်သော အွန်လိုင်းစနစ်ဖြင့် လုပ်ငန်းလုပ်ကိုင်သူများမှာ မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်အမည်သတ်မှတ်ချက်ဖြင့် တရားဝင်ဝက်ဆိုက်ဒ် ရှိရမည်ဖြစ်သည်။

သက်ဆိုင်ရာအစိုးရဌာနကဖြစ်စေ၊ အစိုးရအဖွဲ့အစည်းတစ်ရပ်ရပ်ကဖြစ်စေ အမည်ပျက်စာရင်းသွင်းခံထားရသူများ၊ တားမြစ်ထားသော ကုန်စည်းများ(သို့မဟုတ်)ဝန်ဆောင်မှုများ၊ အများပြည်သူလုံခြုံရေးကို ထိခိုက်စေသော ကုန်စည်ဝန်ဆောင်မူများ၊ စားသုံးသူများအတွက် ရိုးရှင်းမှန်ကန်သော သတင်းအချက်လက်နှင့် အာမခံချက် မပေးနိုင်သော ဝန်ဆောင်မှုများကို မှတ်ပုံတင်ထုတ်ပေးမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အာဏာသိမ်းပြီးနောက် စစ်ရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း အကျပ်ရိုက်နေသည့် စစ်ကောင်စီက ပြည်သူထူထုအခွင့်အရေးကို ထွက်ပေါက်မရှိအောင် ပိတ်ပင်နေခြင်းဖြစ်ကြောင်း စီးပွားရေးသမားများက သုံးသပ်ကြသည်။

“အွန်လိုင်းကိုအသုံးပြုပြီး ဝင်ငွေတစ်ခုရတဲ့အလုပ်တွေက တော်လှန်ရေးအဖွဲ့အစည်းတွေကို ငွေကြေးလွှဲပြောင်းပေးမှုတွေဖြစ်လာမှာကို သူတို့(စစ်ကောင်စီ)က စိုးရိမ်တယ်၊ မယုံသင်္ခါဖြစ်နေတယ်။ ဒီဟာတွေနဲ့ပတ်သက်လို့ အရင်ပြဌာန်းပြီးသားဖြစ်တဲ့ ‘အကြမ်းဖက်မှုကိုအားပေးတယ်၊ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်တယ်’ စသဖြင့်ဟာတွေနဲ့ပြည်သူတွေကို ပိတ်ထားတာဖြစ်တယ်” ဟု ရခိုင်ဝါရင့်စီးပွားရေးသမားတစ်ဦးက ရှုမြင်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်တွင် ယိုင်နှဲနေပြီး ပြည်သူလူထုမှာ တစ်နေ့တာ စားဝတ်နေရေးအတွက် အခက်အခဲမျိုးစုံနှင့် ရုန်းကန်နေကြရသည်။

#I004

ဗီဒီယိုများ