ပလက်ဝက ကျည်ထိဒဏ်ရာရ အမျိုးသမီး စစ်တွေဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေရ

ပလက်ဝမြို့နယ်၊ ဘားဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွားဖြစ်ပွားမှုများရှိပြီး စစ်ကောင်စီက ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း သိရသည်။ 

By Admin 06 Nov 2023

ဒဏ်ရာရလူနာအား စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။ ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း
ဒဏ်ရာရလူနာအား စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။ ဓာတ်ပုံ - ဖြူစင်မေတ္တာပရဟိတအသင်း

DMG ၊ နိုဝင်ဘာ ၆  

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဘားဝကျေးရွာတွင် လက်နက်ကြီးကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားခဲ့သည့် အမျိုးသမီးမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

ဒဏ်ရာရရှိသူမှာ အသက် ၂၇ နှစ်အရွယ် မအေးမိုးနွယ်ဖြစ်သည်။ ၎င်းမှာ နိုဝင်ဘာ ၄ ရက်နေ့က နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ကျောကုန်းတွင် ဒဏ်ရာရရှိသွားကာ ပလက်ဝမြို့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ပြီး ဒဏ်ရာပြင်းထန်သဖြင့် နိုဝင်ဘာလ ၅ ရက်နေ့တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။ 

“သူ့ရဲ့ကျောကုန်းမှာ ကျည်စထိသွားတာပါ။ ပလက်ဝဆေးရုံမှာ ဆေးကုသမှုခံယူခဲ့တယ်။ မနေ့က စစ်တွေဆေးရုံသို့ ပို့ပေးဖို့ အကူအညီတောင်းလာတဲ့အတွက် ပို့ပေးလိုက်တာပါ” ဟု ကျောက်တော်မြို့၊ ဖြူစင်မေတ္တာပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပလက်ဝမြို့နယ်၊ ဘားဝကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့ တိုက်ပွားဖြစ်ပွားမှုများရှိပြီး စစ်ကောင်စီက ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုများရှိကြောင်း သိရသည်။ 

လုံခြုံရေးအရ အမည်မဖော်လိုသည့် ပလက်ဝဒေသခံတစ်ဦးက “အဲဒီဖက်မှာတော့ စစ်ကောင်စီနဲ့ PDF တွေ တိုက်ပွဲဖြစ်တာရှိတယ်။ တိုက်ပွဲဖြစ်တဲ့အတွက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာတွေ ရှိတော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှု ရှိတာပေါ့” ဟု ဆိုသည်။

လက်ရှိတွင်လည်း ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PDF တို့ကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ 

DMG ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ ထုတ်ပြန်သည့်အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

#D002 #DMG 

ဗီဒီယိုများ