ရခိုင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော် အကူအညီများ လိုအပ်နေ

ရေနစ်မြုပ်ခဲ့ရသည့် နေရာအများစုမှာ ကူညီထောက်ပံ့မှု နည်းပါးပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးပေါ်လိုနေကြောင်း သိရသည်။

By Admin 23 Jul 2025

 ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်းက ရေနစ်မြုပ်နေသည့် မြောက်ဦးမြို့နယ်၊ ဂါရာတောင်စစ်ရှောင် စခန်းအား တွေ့ရစဉ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်အတွင်းက ရေနစ်မြုပ်နေသည့် မြောက်ဦးမြို့နယ်၊ ဂါရာတောင်စစ်ရှောင် စခန်းအား တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၂၃

ရခိုင်ပြည်တွင် ဇွန်လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး မြို့နယ် ၈ ခုတွင် ရေဘေးသင့်ပြည်သူ ၁၂,၀၀၀ ကျော်မှာ အကူအညီများ လိုအပ်နေကြောင်း ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က သတင်းထုတ်ပြန်သည်။

တောင်ကုတ်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ် ၈ ခုတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်များနှင့် စပါးခင်းများ ပျက်စီးခြင်း၊ လမ်းတံတားများ ပျက်စီးပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းနှင့် လူသေဆုံးမှုများလည်း ရှိနေကြောင်း HDCO က ဆိုထားသည်။

HDCO ၏ အချက်အလက်အရ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာ ၉၀ ကျော်မှ အိမ်ထောင်စု ၃,၄၆၁ စု၊ လူဦးရေ ၁၂,၂၄၉ ဦး ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်၊ ဂါရာတောင်စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူ ဒေါ်ရီရီအေးက " ရေတက်နေတဲ့အချိန် ကျမတို့ တောင်ပေါ်တက်နေရတယ်။ ချက်ပြုတ်စားသောက်ဖို့လည်း အဆင်မပြေဘူး။ တောင်တက်ပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေလည်း ရေမြုပ်နေတော့ အဆင်မပြေဘူး။ မုန့်ရောင်းစားဖို့လည်း အဆင်မပြေဘူး " ဟု ပြောသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေသူ စစ်ရှောင် ၆ သိန်းနီးပါးအထိ ရှိနေပြီး အများစုမှာ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများစွာ လိုအပ်လျက်ရှိနေသည်။

ရေနစ်မြုပ်ခဲ့ရသည့် နေရာအများစုမှာ ကူညီထောက်ပံ့မှု နည်းပါးပြီး လက်ရှိတွင် စားနပ်ရိက္ခာ၊ အမိုးအကာ၊ မျိုးစပါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုလည်း အရေးပေါ်လိုနေကြောင်း သိရသည်။

" အကူအညီတော့ လိုချင်တာပေါ့။ အခုထိ ဘယ်အဖွဲ့ကမှ ကူညီလာပေးတာ မရှိသေးဘူး။ အဓိက ရေနစ်ပြီး နောက်ပိုင်းမှာ တွေ့ရတာက ခြင်တွေ ပေါလာတယ်။ ငှက်ဖျား၊ တုတ်ကွေးတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ် " ဟု ကျောက်တော်မြို့နယ်၊ စပါးဆိပ်ကျေးရွာသားတစ်ဦးက ပြောသည်။

ရခိုင်ဒေသခံများမှာ စစ်ရေးပဋိပက္ခ ဒဏ်၊ ရာသီဉတု ဆိုးရွားမှုဒဏ်၊ ကုန်ဈေးနှုန်းမြင့်တက်မှု ဒဏ်ကိုပါ ခံစားနေရသဖြင့် မိုးတွင်းရာသီ ပို၍ အကျပ်အတည်းဖြစ်နေကြသည်။

ထို့အတူ ရေကြီးရေလျှံမှုများကြောင့် ကျောက်တော်၊ မြောက်ဦးစသည့် ဒေသများတွင် စိုက်ပျိုးပြီးစ စပါးခင်းများလည်း ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း လယ်သမားများက ပြောသည်။

ယင်းကြောင့် ပြည်တွင်းပြည်အဖွဲ့အစည်းများအနေဖြင့် ရေးဘေးသင့်ဒေသများအတွက် ဝိုင်းဝန်းကူညီပေးကြရန် HDCO က တိုက်တွန်းထားသည်။