ပလက်ဝဆေးရုံ ဝန်ထမ်းအိမ်ရာတွင် လက်နက်ကြီးကျပြီး အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရ 

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် အသက် (၁၇)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ ယနေ့ ဒီဇင်ဘာလ ၈ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကြီး ကျည်စထိမှန်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

By Admin 08 Dec 2023

ပုံစာ - ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံ။ (ဓာတ်ပုံ - ဆလိုင်းကျော်မိုး)
ပုံစာ - ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံ။ (ဓာတ်ပုံ - ဆလိုင်းကျော်မိုး)

ပလက်ဝအခြေစိုက် (၂၈၉) စစ်ကောင်စီတပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ပလက်ဝဆေးရုံ ဝန်ထမ်းအိမ်ရာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ဝန်ထမ်းတစ်ဦး၏သမီး မဒေဝီထွန်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခြင်းဖြစ်သည်။

“၂၈၉ တပ်ရင်းကနေ မနက်စောစောကတည်းက လက်နက်ကြီးတွေ ပစ်နေတာ။ ၁၀ နာရီကျော်လောက်မှာ ဆေးရုံဝန်းမှာရှိတဲ့ဝန်ထမ်းအိမ်ရာမှာ လက်နက်ကြီးကျပြီးတော့ ဝန်ထမ်းတစ်ဦးရဲ့သမီးမှာ ဒဏ်ရာရသွားတာ။ ခြေထောက်မှာထိသွားတယ်၊ ဒဏ်ကတော့ မစိုးရိမ်ရဘူး” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောသည်။  

ပလက်ဝအခြေစိုက် (၂၈၉) စစ်ကောင်စီတပ်ရင်းမှ ယနေ့ နံနက် ၆ နာရီခန့်မှ ၁၀ နာရီအချိန်ထိ လက်နက်ကြီး အချက် ၁၀ ကျော်အထိ ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီပစ်ခတ်နေသော လက်နက်ကြီးကျည်မှာ ပလက်ဝမြို့အတွင်း ကျရောက်ပေါက်ကွဲမှုထိ ရှိလာ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။ 

“လက်နက်ကြီးကျလို့ ဆေးရုံဝန်ထမ်းသမီးတစ်ဦး ထိသွားတော့ လူတွေက စိုးရိမ်မှုမြင့်တက်သွားကြတယ်။ အခု ဈေးဆိုင်တွေကိုလည်း အကုန်လုံးပိတ်ထားပြီး ကိုယ်အိမ်မှာကိုယ် နေနေကြတယ်” ဟု ပလက်ဝမြို့မှ ဒေသခံနောက်တစ်ဦးက ပြောသည်။ 

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၃ ဦးထက်မနည်း ရှိလာသည်။ 

ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းနှစ်ခုကို AA က နိုဝင်ဘာ ၁၄ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် တရွန်အိုင်ဗျူဟာစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့သည်။ နှုံးဘူးဗျူဟာကုန်းကို သိမ်းပိုက်နိုင်ရေးအတွက်လည်း AA က ဆက်လက် တိုက်ခိုက်လျက်ရှိသည်။ 

ပလက်ဝမြို့နယ်အတွင်း ကုန်းလမ်း၊ ရေးလမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသခံများမှာ ရိက္ခာပြတ်လပ်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကြုံတွေ့နေရသည်။ 

#D007 #DMG

ဗီဒီယိုများ