ဦးဖြိုးမင်းသိန်း အပါအဝင် ဗဟိုကော်မတီဝင် ၄ ဦးကို NLD ကထုတ်ပယ်

“NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများ” ဟု ထုတ်ပြန်ပြောဆိုသည်။

By Admin 03 Mar 2023

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား ပါတီအစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - NLD
ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းအား ပါတီအစည်းအဝေးတစ်ခုတွင် တွေ့ရစဉ်။ ဓာတ်ပုံ - NLD

DMG ၊ မတ် ၃

ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း အပါအဝင် ဗဟိုကော်မတီဝင် ၄ ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပယ်လိုက်ကြောင်း ယနေ့ မတ်လ ၃ ရက်နေ့တွင် တရားဝင်ထုတ်ပြန်လိုက်သည်။

“ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက်တို့ကို ဆန့်ကျင်၍၊ ပါတီအမည်ကို အလွဲသုံးစား လုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင်အလိုကျ လိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထုတ်ပယ်ခြင်းခံလိုက်ရသူများမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖြိုးမင်းသိန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင် တို့ဖြစ်ပြီး မတ်လ ၂ ရက်နေ့ကပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ဗဟိုအလုပ်ကော်မတီမှ ထုတ်ပြန်လာခြင်းဖြစ်သည်။

“NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန် သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင်လုပ်ဆောင်နေသူများ” ဟု ထုတ်ပြန်ပြောဆိုသည်။

စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီး၍ ပြည်သူလူထုနှင့် ကမ္ဘာကို လှည့်စားရန်ကြံဆောင်နေချိန်တွင် အဆိုပါ ၄ ဉီးတို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှုမရှိဟု ပြောဆိုသည်။

NLD သည် ပါတီသက်တမ်း ၃၅ နှစ်တာကာလအတွင်း ပြည်သူ့ဆန္ဒ သဘောထားနှင့်အညီ ရပ်တည်ဆောင်ရွက်နေသော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်ပြီး  ကြုံတွေ့ရသည့် အခက်အခဲ အကြပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင် ဖြတ်ကျော်နေကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

NLD ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် တနိုင်ငံလုံးအတိုင်းအတာအရ မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့မှုကို မဲ,မသမာမှုရှိသည်ဟုဆိုကာ စစ်ခေါင်းဆောင်များက နိုင်ငံတော်အာဏာကို သိမ်းယူထားပြီး NLD ဉက္ကဌ၊ နိုင်ငံတော်သမ္မတ အပါဝင် ထိပ်ပိုင်းခေါင်းဆောင်အားလုံး ပုဒ်မအမျိုးမျိုးဖြင့် အကျဉ်းချထားသည်။

ဗီဒီယိုများ