ရသေ့တောင်မြို့တွင် အမှိုက်သိမ်းစနစ်ကို စနစ်တကျကိုင်တွယ်ရန် လိုအပ်နေ

ပြည်တော်သာ ရေကန်အနီးရှိ အမှိုက်ပုံကို မြို့နယ်စည်ပင်မှ လာရောက် သိမ်းဆည်းရှင်းလင်းမှု မရှိသည့်အတွက်  အမှိုက်ပုံမှထွက်ရှိလာသည့် အနံ့အသက်များကြောင့် ရေကန်အနီးနေထိုင်သူများမှာ ကျန်းမာရေးထိခိုက်မှုများ ရှိနေသည်။ 

By Admin 26 Mar 2023

ဓာတ်ပုံ - ပြိုန်းတောဒေသတိုးတက်ရေးလူငယ်များအသင်းချုပ်
ဓာတ်ပုံ - ပြိုန်းတောဒေသတိုးတက်ရေးလူငယ်များအသင်းချုပ်

DMG ၊ မတ် ၂၆ 

ရခိုင်ပြည်၊ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်ရှိ ပြည်တော်သာ သောက်ရေကန်အနီးတွင် စွန့်ပစ်အမှိုက်များပြန့်ကြဲနေခြင်း၊ ရေမြောင်းများတွင်လည်း အမှိုက်များဖြင့် ပြည့်နှက်နေသည့်အတွက် သက်ဆိုင်ရာများက အမှိုက်သိမ်းစနစ်နှင့်ပတ်သက်၍ စနစ်တကျလုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

ပြည်တော်သာ ရေကန်အနီးရှိ အမှိုက်ပုံကို မြို့နယ်စည်ပင်မှ လာရောက် သိမ်းဆည်းရှင်းလင်းမှု မရှိသည့်အတွက်  အမှိုက်ပုံမှထွက်ရှိလာသည့် အနံ့အသက်များကြောင့် ရေကန်အနီးနေထိုင်သူများမှာ ကျန်းမာရေးထိခိုက်မှုများ ရှိနေသည်။ 

ရေကန်အနီးတွင် နေထိုင်သည့် ဒေါ်မြအေးက “အဲဒီအမှိုက်ပုံကလာတဲ့ အနံ့အသက်တွေကို မခံစားနိုင်ဘူး။ အမှိုက်ပုံက အရမ်းညစ်ပတ်တယ်။ အဲဒီအမှိုက်ပုံကြောင့် ကန်လည်း ညစ်ပတ်တယ်။ အနံ့ဆိုးကြောင့် ကျန်းမာရေးလည်း ထိခိုက်တယ်။ တစ်ခါတစ်လေ မခံနိုင်လို့ တခြားရပ်ကွက်ဘက်ကို ထွက်သွားနေရတယ်။  စည်ပင်ကလည်း တစ်ခါမှ လာမသိမ်းဘူး” ဟု ပြောသည်။

လေပြင်းတိုက်ခတ်သည့် အခါတွင်လည်း ယင်းအမှိုက်ပုံမှ အမှိုက်များမှာ သောက်ရေကန်ထဲသို့ ကျရောက်ခြင်းများရှိသဖြင့် အမှိုက်ပုံကို မြို့နယ်စည်ပင်မှ ရှင်းလင်းပေးရန် လိုအပ်နေပြီး အမှိုက်စွန့်ပစ်မည့် နေရာတစ်ခု စနစ်တကျ သတ်မှတ်ပေးရန် လိုအပ်နေသည်ဟု ရသေ့တောင်မြို့ခံများက ပြောသည်။

“အနံ့အသက်က နည်းနည်းရတာ မဟုတ်ဘူး။ မခံနိုင်အောင် ဆိုးဆိုးရွားရွားပဲ။ အမှိုက်တွေက အဲဒီမှာပဲ လာပစ်ကြတာ။ အဲဒီအမှိုက်တွေက ရေကန်ထဲကိုလည်း ဝင်တယ်။ အဲဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဒေသခံတွေအတွက် ရောဂါတွေဖြစ်မယ်။ တကယ်လို့ စည်ပင်က အဲဒီအမှိုက်ပုံကို သေချာကြပ်မတ်ပေးမယ်ဆိုရင် ရပ်ကွက်ကလူတွေအတွက် အမှိုက်ပစ်ဖို့နေရာတစ်ခုကို သေသေချာချာ လုပ်ပေးစေချင်တယ်” ဟု အရှေ့မြောက်ရပ်ကွက်မှ ဒေါ်မသန်းရီက  ပြောသည်။

ပြည်တော်သာ ရေကန်အနီးရှိ အမှိုက်ပုံကို ရပ်ကွက်နေပြည်သူများက မကြာခဏ မီးရှို့၊ ရှင်းလင်းခြင်းများ လုပ်ဆောင်မှုရှိသော်လည်း သက်ဆိုင်ရာ အာဏာပိုင်များကဲ့သို့ စနစ်တကျ ထိန်းသိမ်းလုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် အမှိုက်ပုံကို ထိရောက်စွာ မရှင်းလင်းနိုင်ဟု ဒေသခံများက ပြောသည်။

“ရေကန်အနီး အမှိုက်မပစ်ရ” သတိပေးဆိုင်းဘုတ်များဖြင့် ကန့်သတ်ထားသော်လည်း ထိရောက်မှု မရှိခြင်းမှာ အမှိုက်ပစ်စနစ်ကို စနစ်တကျ လုပ်ဆောင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အရှေ့မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလှိုင်က ပြောသည်။ 

“အမှိုက်ထပ်ပစ်တဲ့သူတွေကို ဒဏ်ငွေရိုက်မယ်ဆိုပြီး စာကပ်တာတွေ ရှိပေမယ့်လည်း မထိရောက်ဘူး။ ဆိုင်းဘုတ်ကို ဖျက်ဆီးလိုက်ကြတာတွေ ရှိတယ်။ စည်ပင်ကလည်း နေအိမ်ကအမှိုက်တွေကို လာသိမ်းတာပဲ ရှိတာ။ ကျနော်တို့ဆီမှာ အဲဒီလို အမှိုက်ပုံတွေက အမှိုက်ကို လာသိမ်းတာမျိုး မရှိဘူး” ဟု ၎င်းကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရသေ့တောင်မြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

ရသေ့တောင်မြို့တွင် အရှေ့မြောက်၊ ချောင်းဝ၊ အရှေ့တောင်၊ တောင်ရင်းတန်းဟူ၍ ရပ်ကွက် ၄ ခုရှိပြီး ပြည်တော်သာ ရေကန်အနီးရှိ အမှိုက်ပုံတွင် ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်က ဒေသခံများအပြင် အခြားသော ရပ်ကွက်အချို့ကလည်း လာရောက် အမှိုက်စွန့်ပစ်မှုများ ရှိသည်ဟု သိရသည်။ 

#R005

ဗီဒီယိုများ