ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ ပြန်လာရန် အဆင်သင့်မဖြစ်သေးကြောင်းပြော

မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် အသက်အာမခံချက်မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကိုကာမာလ်က ပြောသည်။

By Admin 19 Feb 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် မွတ်ဆလင်များကို တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် နေထိုင်သည့် မွတ်ဆလင်များကို တွေ့ရစဉ်။

DMG ၊ ဖေဖော်ဝါရီ ၁၉

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များမှာ ပြန်လာရန် အဆင်သင့်မဖြစ်သေးဟု ကာယကံရှင်များက ပြောဆိုကြသည်။

မွတ်ဆလင်ဒုက္ခသည်များအနေဖြင့် အသက်အာမခံချက်မရှိဘဲ မြန်မာနိုင်ငံသို့ ပြန်မလာနိုင်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတူပါလောင်ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ကိုကာမာလ်က ပြောသည်။

“ကျနော်တို့အတွက် အသက်အာမခံချက်ရှိရင် ပြန်လာမယ်လို့ မြန်မာအစိုးရကို ပြောရင်လည်း သူတို့ဖက်က ဘာမှပြောလာတာ မရှိဘူး။ အခုက ကျနော်တို့အတွက် အသက်အာမခံချက်လည်းမရှိဘဲ ပြန်မလာနိုင်ဘူး”ဟု ၎င်းက DMG ကိုပြောသည်။

မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့ပါဝင်သည့် အဖွဲ့သည် ဇန်နဝါရီလ ၇ ရက်နေ့က မောင်တောမြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများ ပြင်ဆင်ထားမှုကို သွားရောက်ကြည့်ရှုခဲ့ကြသည်။

စစ်ကောင်စီဝန်ကြီးများ အနေဖြင့် အဆိုပါ ပြန်လည်လက်ခံရေးစခန်းများကို လာရောက်ကြည့်ရှုခြင်းမှာ ဟန်ပြလုပ်သလိုဖြစ်နေပြီး နေအိမ်များမှာလည်း ခိုင်မာမှုမရှိဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက ပြောသည်။

“ပြန်လည်လက်ခံရေးစခန်းတွေမှာ နေအိမ်တွေကလည်း လုံလောက်မှုမရှိဘူး။ ဒီကအစိုးရ(စစ်ကောင်စီ)က လိုက်ပြီးတော့ လေ့လာရေး ဟန်ပြလုပ်တာလို့ပဲမြင်တယ်။ ဝင်လာရင်တော့ လက်ခံရဖို့ အခြေအနေရှိတယ်။ နောက်ပြီးတော့ သူတို့(မွတ်ဆလင်)တွေကို ပြန်လည်လက်ခံရေးစခန်းတွေကလည်း ခိုင်မာမှုမရှိဘူး။ ပြန်လည် လက်ခံမယ်ဆိုတာတော့ ဒီအချိန်မှာ မဖြစ်နိုင်သေးဘူးလို့မြင်တယ်”ဟု ၎င်းကဆိုသည်။

မွတ်ဆလင်များ ပြန်လည်ဝင်ရောက်လာမည်ဆိုပါကလည်း ယခုဆောက်လုပ်ထားသည့် ပြန်လည်လက်ခံရေး စခန်းများတွင် နေထိုင်လိုခြင်းမရှိကြောင်း ကူတူပါလောင် ဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် စောယောဒ်အာလောမ်က ပြောသည်။

“ကျနော်တို့ကိုပြန်ခေါ်ရင် အဓိက နိုင်ငံသားဖြစ်ခွင့် ပေးရမယ်။ နောက်ပြီးတော့ ကျနော်တို့အနေနဲ့ အဲဒီပြန်လည်လက်ခံရေးစခန်းတွေမှာ မနေနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘိုးဘွားစဉ်ဆက်နေခဲ့တဲ့ နေရာရှိတယ်။ အဲဒီနေရာမှာ ပြန်ပေးပြီးမှ ကျနော်တို့ပြန်လာနိုင်မယ်။ မပေးဘူးဆိုရင် မလာနိုင်ဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါမွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော (NLD)အစိုးရ လက်ထက်က အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့က ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင်(၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

#R007

ဗီဒီယိုများ