ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ကို လာမည့်ဒီဇင်ဘာလတွင် ရောင်းချမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ရခိုင်ပြည်အတွင်းက ပို့ကုန်အရည်အသွေးမှီ ဆန်တန်ချိန် ၂၅၀၀ ကို လာမည့်ဒီဇင်ဘာလတွင် ရောင်းချရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

By Admin 27 Oct 2022

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့မည့် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ကို လာမည့်ဒီဇင်ဘာလတွင် ရောင်းချမည်

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ထုတ်လုပ်နေသည့် ဆန်အိတ်များကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၂၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ရခိုင်ပြည်အတွင်းက ပို့ကုန်အရည်အသွေးမှီ ဆန်တန်ချိန် ၂၅၀၀ ကို လာမည့်ဒီဇင်ဘာလတွင် ရောင်းချရန်စီစဉ်ထားကြောင်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန် သဘောတူစာချုပ်ပါ ဆန်တန်ချိန် နှစ်သိန်း (၂၀၀၀၀၀)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဦးဆောင်ကာ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ယင်းအထဲတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရန် ဝယ်ယူထားသည်ဟု ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေကပြောသည်။

“မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ဘင်္ဂလားဒေ့ရှ်ကိုရောင်းဖို့အတွက် တန် နှစ်သိန်း ရထားတယ်။ ကျနော်တို့က ဆန်ထွက်တဲ့ရာသီဖြစ်တဲ့ ဒီဇင်ဘာလမှာ MRF ကို တန် ၂၅၀၀ ရောင်းမှာဖြစ်တယ်။ ကျနော်တို့က ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက်ပို့မှာ မဟုတ်ဘူး။ သူတို့(MRF)ကပဲ စစ်တွေကတစ်ဆင့် ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှာဖြစ်တယ်”ဟု သူကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းအရောက် တစ်တန်လျှင် ၄၆၅ ဒဿမ ၅ ဒေါ်လာနှုန်းဖြင့် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ရောင်းချခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း(RSCCI)မှ သိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းအနေဖြင့် MRF ထံသို့ ရောင်းချရာတွင် ဆန်တစ်တန်လျှင် ဒေါ်လာ(၄၀၀)နှုန်းဖြင့် ရောင်းချရန် ညှိနှိုင်းပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောင်းချရန်စီစဉ်နေခြင်းမှာ တောင်သူလယ်သမားများနှင့် ဆန်စက်လုပ်ငန်းရှင်များအတွက် စျေးကွက်များ မြှင့်တင်နိုင်မည်ဖြစ်သည်ဟု စစ်တွေမြို့မှ ဆန်စပါးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“အခုလို ဘင်္ဂလားဒေ့ရှ်ကို ဆန်ပို့မှာက ကောင်းတာပေါ့။ စပါးစျေးကွက်တွေကလည်း စျေးကိုဆွဲတင်နိုင်တယ်။ စျေးကွက်မရှိရင် စပါးစျေးကွက် ပျောက်သွားမှာပေါ့။ စျေးကွက်ရှိမှ တောင်သူလယ်သမားတွေ စပါးစျေးပိုရမယ်။ စပါးစျေးတွေကို ပိုပြီးပေးနိုင်မှာဖြစ်တယ်။ အရောင်းအဝယ်မရှိ ဟိုမှာရောင်း၊ ဒီမှာရောင်းဆိုရင် စပါးစျေးက ကျသွားဖြစ်တယ်”ဟု သူကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူထားသည့် ရခိုင်မှ ဆန်တန်ချိန်များကို ရခိုင်ပြည်အတွင်း ပို့ကုန်အရည်အသွေးမှီ ကြိတ်ခွဲနိုင်သည့် ကျောက်တော်မြို့နယ်မှ ဆန်စက် (၄)လုံး၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဆန်စက် ၁ လုံးနှင့် စစ်တွေမြို့ရှိ ဆန်စက် ၂ လုံးတို့မှ အသုတ်လိုက် ရောင်းချသွားမည်ဖြစ်သည်ဟု ဆန်စက်လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တစ်ဖက်တွင် စျေးနှုန်းမြင့်တက်မှုကြောင့် ရခိုင်တောင်သူများမှာ ဓာတ်မြေသြဇာများ လုံလောက်စွာ အသုံးမပြုနိုင်ခြင်း၊ တကျော့ပြန်တိုက်ပွဲများကြောင့် ထွန်ယက်ပြီးစပါးများကို ဂရုတစိုက် ပြုစုပျိုးထောင်နိုင်ခြင်း မရှိသည့်အတွက် ရခိုင်ပြည်တွင် ယခုနှစ်အတွင်း စပါးအထွက်နှုန်းများ ကျဆင်းလာနိုင်သည်ဟု တောင်သူများက ခန့်မှန်းကြသည်။

ကုန်စျေးနှုန်းမြင့်တက်မှုနှင့်အတူ သွင်းအားစုများစွာ အရင်းအနှီးစိုက်ထားရသည့်အတွက် တောင်သူလယ်သမားများအတွက် အထိုက်အလျောက်အဆင်ပြေရန် ရခိုင်ပြည်မှ ဆန်တန်ချိန် ၂၅၀၀ ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို ရောင်းချရခြင်းဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းရွှေကပြောသည်။

“ကျနော်တို့မှာက တောင်သူရယ်၊ စားသုံးသူတွေရယ် နှစ်ဖက်စလုံးကို ကြည့်ရတယ်။ စားသုံးသူအတွက်လည်း မနည်းရအောင် တောင်သူအတွက်လည်း အကျိုးရှိအောင်ပေါ့။ တောင်သူတွေက ဒီလောက်ကုန်စျေးနှုန်း တက်နေတဲ့အချိန်မှာ သူတို့မှာ သွင်းအားစုတွေများတဲ့အတွက် အထိုက်အလျောက် သူတို့မှာလည်း အကျိုးရှိအောင် လုပ်တာဖြစ်တယ်။ ကျနော်အမြင်ကတော့ ဒီလောက်ရောင်းလို့တော့ မထိခိုက်နိုင်ဘူးလို့ ထင်တယ်။ အတိုင်းအတာတစ်ခုထိ ရောင်းလို့တော့ မထိခိုက်နိုင်ဘူးလို့ထင်တယ်။ ဒါပေမယ့် အလွန်ရောင်းရင်တော့ ထိခိုက်မှာဖြစ်တယ်”ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် စပါးစိုက်လယ်ဧကပေါင်း ၁၂ သိန်းခွဲကျော်ရှိရာမှ ယခုနှစ်အတွင်းတွင် အခြေအနေအမျိုးမျိုး ကြောင့် လယ်ဧကရှစ်သိန်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့သည်ဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူ လယ်သမားသမဂ္ဂ၏ စာရင်းအရသိရသည်။

ယင်းအပြင် တကျော့ပြန်တိုက်ပွဲများကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်တို့မှ စိုက်ပျိုးပြီး စွန့်ပစ်ထားရသည့် လယ်ဧကငါးသောင်းခန့်ရှိပြီး စပါးအထွက်နှုန်းမှာလည်း ယခင်နှစ်များထက် ၃၀ ရာခိုင်နှုန်း ကျဆင်းသွားနိုင်သည်ဟု အဆိုပါတောင်သူလယ်သမားသမဂ္ဂမှ ခန့်မှန်းထားသည်။

ဗီဒီယိုများ