ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချသူများကို အရေးယူသွားမည်

ပြည်တွင်းစားသုံးဆန်များကို ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချနေသူများအား ရှာဖွေဖော်ထုတ်ကာ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောကြားလိုက်သည်။

25 Apr 2023

ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချသူများကို အရေးယူသွားမည်

DMG ၊ ဧပြီ ၂၅

ပြည်တွင်းစားသုံးဆန်များကို ပုံမှန်ထက် ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချနေသူများအား ရှာဖွေဖော်ထုတ်ကာ အရေးယူနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောကြားလိုက်သည်။

လက်ရှိမှာ လူမှုကွန်ရက်ကိုအသုံးချပြီး ဆန်ဈေးနှုန်းများကို အဆမတန်မြှင့်တင်နေမှု၊ မမှန်မကန်ဈေးနှုန်းဖော်ပြကာ စားသုံးသူများစိုးရိမ်စေရန် လုပ်ဆောင်မှုများရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က ပြောသည်။

“ဆန်ဈေးနှုန်းတည်ငြိမ်ဖို့ - ဆိုရှယ်မီဒီယာမှာ မမှန်မကန်ဖော်ပြပြီး ဈေးဆွဲတင်တဲ့သူတွေကို ပထမ သတိပေး စည်းရုံးမယ်။  မထူးခြားရင်တော့ သက်ဆိုင်ရာကို တင်ပြသွားပါမယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရန်နှင့် ပစ္စည်းမှန်ဈေးမှန်ပြီး အရောင်းအဝယ်ဖြစ်စေရန်အတွက် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဆန်ကုန်သည်များအနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွားကိုကြည့်ရှုကာ ချင့်ချိန်ရောင်းဝယ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်းထားသည်။

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှ စပါးစိုက်တောင်သူ ဦးတင်ထွန်းက ဆန်ဈေးနှုန်းမြင့်တက်နေခြင်းမှာ ကုန်စည်ဒိုင်များက ဈေးနှုန်းမြင့်တင် ရောင်းချနေခြင်းကြောင့်ဖြစ်ပြီး ဆန်တစ်အိတ်မှ ငွေကျပ် ၅,၀၀၀ အထိ ဈေးမြင့်တက်နေကြောင်း DMG ကို ပြောသည်။

“ ကျနော်တို့လည်း မတက်နိုင်ဘူး။ ဆန်ဈေးကျစေချင်တယ်” ဟု သူက ပြောသည်။

လက်ရှိ ပြည်တွင်းဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း တင်းတစ်ရာလျှင် ငွေကျပ် ၂၂ သိန်းမှ ၂၃ သိန်းကြားရှိပြီး၊ ကောက်ကြီးဆန် တင်းတစ်ရာလျှင် ငွေကျပ်သိန်း ၂၀ အထိ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်က ရာသီဥတုဖောက်ပြန်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်ပြီး သွင်းအားစုစရိတ်ကြီးမြင့်မှုတို့ကြောင့် စပါးပေါ်ရာသီတွင် အထွက်နှုန်းကျဆင်းခဲ့ရပြီး ပြည်တွင်းဆန်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်ရသည့်အခြေအနေ ဖြစ်နေသည်။

#I004