ရခိုင်တွင် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ

ရခိုင်ပြည်အတွင်းမှ ဒေသခံပြည်သူများတွင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု ယခင်ထက် ပိုမိုများပြားလာနေကြောင်း ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ပြောဆိုထားသည်။

By Admin 24 Mar 2023

စစ်တွေဆေးရုံကြီးတွင် ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန။
စစ်တွေဆေးရုံကြီးတွင် ဖွင့်လှစ်ထားသော ရခိုင်ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာန။

DMG ၊ မတ်လ ၂၄

ရခိုင်ပြည်အတွင်းမှ ဒေသခံပြည်သူများတွင် ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု ယခင်ထက် ပိုမိုများပြားလာနေကြောင်း ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ပြောဆိုထားသည်။ (ယနေ့ မတ်လ ၂၄ ရက်နေ့သည် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဖြစ်သည်။)

မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် နှစ်စဉ် ရိုးရိုးတီဘီနှင့် ဆေးယဉ်ပါးတီဘီ ရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၄၀,၀၀၀ ခန့်ရှိပြီး ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ ၃၀ ထဲတွင် မြန်မာနိုင်ငံပါ၀င်ကြောင်း တီဘီရောဂါတိုက်ဖျက်ရေးဌာန တာဝန်ရှိသူများက ပြောဆိုကြသည်။ 

ရခိုင်ပြည် စစ်တွေမြို့ရှိ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဌာနတွင် ဒေသခံများကို တီဘီရောဂါရှိ၊မရှိ အခမဲ့ သလိပ်ဆေးစစ်ပေးခြင်းများ ပြုလုပ်ပေးနေပြီး ရောဂါပိုးတွေ့ရှိပါက ဆေးကုသပေးလျက်ရှိရာ လက်ရှိ၌ ဒေသခံများတွင် ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှု များပြားလာနေကြောင်း သိရသည်။

“တချို့တွေက တီဘီရောဂါဖြစ်နေတာသိတယ်။ ဒါပေမယ့် ဆေးကို ဆရာဝန်တွေ ညွှန်ကြားလိုက်တဲ့အတိုင်း ဂရုတစိုက် မသောက်တာတို့၊ ဆရာဝန်ခွင့်ပြုချက်မရှိဘဲ ဆေးသောက်တာ ရပ်လိုက်ကြတာတို့ကြောင့် အခုဆိုရင် တီဘီဆေးယဉ်ပါးမှုကို ခံစားရတဲ့သူတွေ များလာတာ တွေ့ရပါတယ်” ဟု စစ်တွေဆေးရုံကြီးရှိ တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

ဆေးယဉ်ပါးတီဘီရောဂါဖြစ်ရခြင်းမှာ တီဘီရောဂါကုသဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျ မသောက်ခြင်း၊ ပုံမှန်ဆေးသောက်ရန် မေ့လျော့ခြင်း၊ ဆေးသောက်ရမည့် ကာလပြည့်အောင် မသောက်ခြင်းနှင့် ဆရာဝန်ညွှန်ကြားချက် မပါဘဲ ဆေးသောက်ရပ်နားခြင်းတို့ကြောင့် ရောဂါမပျောက်ကင်းသည့်အပြင် ဆေးယဉ်ပါးတီဘီရောဂါ အဆင့်ထိ ဖြစ်ပွားလာနေခြင်းဖြစ်သည်။  

“ရိုးရိုးတီဘီရောဂါ ကူးစက်ခံရရင် ဆရာဝန်ရဲ့ လမ်းညွှန်ချက်နဲ့ ဆေးသေချာသောက်မယ်ဆို ပျောက်ကင်းနိုင်သေးတယ်။ တကယ်လို့ ဆေးယဉ်ပါးတီဘီအဆင့်ထိ ဖြစ်သွားခဲ့ရင်ကျတော့ ပျောက်ကင်းဖို့အလားအလာက မရှိသလောက်နည်းသွားပါပြီ” ဟု စစ်တွေမြို့တွင် နေထိုင်သည့် ဒေါက်တာကျော်မင်းစိုးက ပြောဆိုသည်။ 

ဆေးယဉ်ပါးတီဘီရောဂါ မဟုတ်ဘဲ ပုံမှန် တီဘီရောဂါဖြစ်ပွားခဲ့ပါက ၆ လ(သို့) ၈ လအတွင်း ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် အချိန်မှန်သောက်သုံးပါက ပျောက်ကင်းနိုင်ကြောင်း သိရသည်။ 

အကယ်၍ ဆေးယဉ်ပါးတီဘီရောဂါဖြစ်ခဲ့လျှင် သောက်ဆေးအမျိုးအစား ၅ မျိုးကို ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း လပေါင်း ၂၀ ပုံမှန် သောက်သုံးရမည်ဖြစ်ကြောင်း သိရသည်။ 

“တီဘီရောဂါက တစ်ယောက်နဲ့တစ်ယောက် ကူးစက်လွယ်ပါတယ်။ တီဘီဆိုတာက Mycobacterium tuberculosis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာ။ တီဘီရောဂါပိုးရှိတဲ့သူက ချောင်းဆိုးမယ်၊ စကားပြောမယ်ဆိုရင် သူ့ရဲ့အဆုတ်နဲ့ လေပြွန်မှာရှိတဲ့ ပိုးတွေက လေထဲကိုရောက်ပြီးတော့ အဲဒီလေကို အနီးအနားမှာရှိတဲ့လူက ရှူမိရင် ကူးစက်ခံရနိုင်ပါတယ်” ဟု ဒေါက်တာကျော်မင်းစိုးက ပြောသည်။

တီဘီရောဂါလက္ခဏာများမှာ ချောင်းဆိုးခြင်း (အနည်းဆုံး သုံးပတ်ထက်ကြာမြင့်ခြင်း)၊ သလိပ်ထွက်ခြင်း၊ ချောင်းဆိုးရာတွင် သွေးပါခြင်း၊ အဖျားတက်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ အစာစားချင်စိတ်နည်းပါးခြင်း၊ မောပန်းခြင်းနှင့် အားနည်းခြင်း တို့ဖြစ်ကြောင်း သိရသည်။

တီဘီရောဂါသည် ဆီးချို၊ သွေးချို၊ ကင်ဆာ၊ ခုခံအားကျဆင်းရောဂါ(AIDS) စသည့်ရောဂါရှိသူများနှင့် အစာအာဟာရမပြည့်ဝစွာ မစားသုံးရသောကြောင့် ကိုယ်ခံအားနည်းသူများတွင် တီဘီပိုး ပို၍ ကူးစက်လွယ်ကြောင်း သိရသည်။

#I005

ဗီဒီယိုများ