- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
စစ်တွေမြို့အနီး ကျေးရွာ (၁၂)ရွာမှ ဒေသခံများ မြို့ထဲသို့ အတင်းအကြပ် ရွှေ့ပြောင်းခံနေရ
ဇွန်လ ၉ ရက်မှ ၁၄ ရက်အတွင်း ကျေးရွာအတွင်းမှ လူတစ်ယောက်မကျန် ပြောင်းရွှေ့ရမည်ဟု အမိန့်ထုတ်ကာ ဓမ္မာရာမ၊ ဝိဘဇ္ဇာဝါဒီ၊ စစ်ကဲ စသည့် ဘုန်းတော်ကြီးကျောင်းများနှင့် တခြားနေရာများတွင် နေရာချပေးထားသည်။
15 Jun 2024

DMG ၊ ဇွန် ၁၅
စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများကို ချန်လှပ်ကာ ရခိုင်ကျေးရွာ (၁၂)ရွာမှ ဒေသခံများကို မြို့အတွင်း၌ ပြောင်းရွှေ့နေထိုင်ရန် ဇွန်လ ၁၁ ရက်မှစ၍ အတင်းအကြပ်လုပ်ဆောင်နေသည်။
ပလ္လင်ပြင်၊ အောင်တိုင်၊ အုန်းရေဖော်၊ ကျက်တောပြင်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း(ရွာသစ်)၊ ပျားလယ်ချောင်း (ရွာဟောင်း)၊ ကြွီတဲ၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲပိုက်ဆိပ်ကြီး၊ သင်းပုန်းတန်း၊ မောင်နီပြင် ကျေးရွာများမှ ဒေသခံများ ကို အတင်းအဓမ္မ ပြောင်းရွှေ့နေခြင်းဖြစ်သည်။
ဇွန်လ ၉ ရက်မှ ၁၄ ရက်အတွင်း ကျေးရွာအတွင်းမှ လူတစ်ယောက်မကျန် ပြောင်းရွှေ့ရမည်ဟု အမိန့်ထုတ်ကာ ဓမ္မာရာမ၊ ဝိဘဇ္ဇာဝါဒီ၊ စစ်ကဲ စသည့် ဘုန်းတော်ကြီးကျောင်းများနှင့် တခြားနေရာများတွင် နေရာချပေးထားသည်။
ထောင်နှင့်ချီသည့် ဒေသခံများထဲတွင် သက်ကြီး၊ အမျိုးသမီးနှင့် ကလေးသူငယ် အများဆုံးပါဝင်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ ကူညီထောက်ပံ့ပေးမှု မရှိသေးကြောင်း ပြောကြသည်။
ရွှေ့ပြောင်းခံရသူ အမျိုးသမီးတစ်ဦးက “ရွာပေါင်းအများကြီးဆိုတော့ ရေရှည်နေလို့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ကိုယ့်ရွာမှာဆိုရင် ဖြစ်သလိုရှာဖွေစားသောက်လို့ ရသေးတယ်” ဟု ပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို ဝင်ရောက်စစ်ဆေးကာ မသင်္ကာသူများအား ဖမ်းဆီးသွားမှုများ မကြာခဏရှိနေ၍ ပြောင်းရွှေ့ခံရသူများမှာ စိုးရိမ်ချက်များရှိနေကြသည်။
မြို့အနီးကျေးရွာများမှ ဒေသခံများကို မြို့အတွင်းသို့ ပြောင်းရွှေ့နေထိုင်စေခြင်းမှာ စိုးရိမ်စရာအခြေအနေဖြစ်ပြီး တိုက်ပွဲဖြစ်ပွားလာပါက လူသားဒိုင်းကာအဖြစ် အသုံးပြုလာနိုင်သည်ဟု ပြောဆိုနေကြသည်။
“ကျမတို့ကတော့ ယုံကြည်မှု လုံးဝမရှိဘူး။ ကျမတို့ရွာသားတွေ ဘယ်မှာရှိလဲ၊ ဘယ်မှာနေလဲ စစ်ကောင်စီက အကုန်လုံးသိတယ်။ သူတို့လုပ်ချင်သလို လုပ်နိုင်တဲ့အနေအထားဆိုတော့ လုံခြုံရေးပြဿနာတွေရှိတယ်” ဟု အမျိုးသမီးနောက်တစ်ဦးက ပြောသည်။
စစ်တွေမြို့နယ်နှင့်ထိစပ်နေသော ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်များကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် စစ်တွေမြို့တွင် ခံစစ်ပြင်ဆင်မှု၊ မြို့ဝင်ပေါက်များကို ပိတ်ဆို့ထားမှုများ လုပ်ဆောင်ထားသည်။
ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက “AA က အင်အားအလုံးအရင်းနဲ့ စစ်ချီလာမယ်ဆိုရင် စစ်တွေမြို့ဝင်ပေါက်ဖြစ်တဲ့ လမ်းကြောင်းတွေကို စစ်ကောင်စီက လက်ဦးထားဖို့လိုတယ်။ ခုခံစစ်တိုက်ဖို့အတွက် အဟန့်အတားဖြစ်စေတာက ဒီကျေးရွာတွေ ဖြစ်တယ်၊ အဲဒီရွာတွေမှာဝင်ပြီးတော့ AA က တိုက်နိုင်တယ်လို့ စစ်ကောင်စီက မှန်းထားတယ်။ အဲဒါကြောင့် လူဦးရေထောင်ချီကို နှင်ထုတ်လိုက်တာလို့ မြင်တယ်” ဟု ပြောသည်။
ယင်းကိစ္စကို စစ်ကောင်စီပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းက - အဆိုပါကျေးရွာများတွင် AA တပ်ဖွဲ့ဝင်များက ရွာသားအယောင်ဆောင်နေထိုင်ခြင်း၊ အရပ်သားကျေးရွာများကို ရှော့တိုက်ဒုံးများဖြင့် နေ့စဉ်ပစ်ခတ်နေမှုကြောင့် လုံခြုံရေးယူလိုက်ခြင်းဟု BBC ကို ဖြေထားသည်။ စစ်ကောင်စီပြောကြားချက်ကို ဒေသခံများက ငြင်းဆိုကြသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ ၂၉ ရက်က စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာတွင် လုံခြုံရေးဆောင်ရွက်မှုကို အကြောင်းပြကာ ဒေသခံ(၈၀) နီးပါးထိ အစုအပြုံလိုက် သတ်ဖြတ်ခဲ့၍ စစ်တွေဒေသခံများမှာ အလားတူဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။
ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ရှိပြီး မြို့ပတ်ပတ်လည်တွင် စစ်ကောင်စီက မိုင်းထောင်ထားမှုများရှိနေသည်။