ရခိုင်က မြို့နယ် ၃ ခုတွင် လေအားလျှပ်စစ် ထုတ်လုပ်သွားမည် 

ရခိုင်ပြည်အတွင်းက အမ်း၊ သံတွဲ၊ ဂွ မြို့နယ်တို့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

By Admin 02 Mar 2023

ဓာတ်ပုံ - MRTV
ဓာတ်ပုံ - MRTV

DMG ၊ မတ် ၂     

ရခိုင်ပြည်အတွင်းက အမ်း၊ သံတွဲ၊ ဂွ မြို့နယ်တို့တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်စွမ်းအားစီမံကိန်းဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited၊ Yunnan Machinery and Equipment Import and Export Co,Ltd တို့အကြား နေပြည်တော်တွင် အစည်းအဝေးပြုလုပ်ကာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။ 

အမ်းမြို့နယ် လေအားလျှပ်စစ်စီမံကိန်းမှ ၁၅၀ မဂ္ဂါဝပ်၊ ဂွမြို့နယ် လေအားလျှပ်စစ်စီမံကိန်းမှ ၁၀၀ မဂ္ဂါဝပ်နှင့် သံတွဲမြို့နယ် လေအားလျှပ်စစ်စီမံကိန်းမှ ၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ပြီး မြို့နယ် ၃ ခုတွင် လေအားလျှပ်စစ်မဂ္ဂါဝပ် စုစုပေါင်း ၃၆၀ ထုတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ 

ယခုကဲ့သို့ လျှပ်စစ်စွမ်းအား ထုတ်လုပ်မည့်ကိစ္စအပေါ် ပြည်သူများအနေဖြင့် ကြိုဆိုကြသော်လည်း ပြည်သူများအတွက် မည်သည့်အတိုင်းအတာထိ အကျိုးရှိ/မရှိကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးဖိုးစံက DMG ကို ပြောသည်။

“ဂျာမန်နီနိုင်ငံတို့ တခြားနိုင်ငံတွေမှာဆိုရင် လေအားလျှပ်စစ်စီမံကိန်းတွေ အောင်မြင်နေကြတယ်။ ဒီမှာလည်း ဘယ်လိုဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ရအုံးမယ်။ စောင့်ကြည့်ရမယ်ဆိုတာက သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး ပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် ဘာမှမထူးခြားဘူး။ နောက်တစ်ခုက စီမံကိန်းဖော်ဆောင်လာမယ်ဆိုရင် လယ်ယာပိုင်ဆိုင်မှုတွေကို ထိလာမယ်။ ဒီလယ်ယာမြေကိုသိမ်းပိုက်ပြီး အကျိုးမရှိဘူးဆိုရင်တော့ ဘာတစ်ခုမှအကျိုးမရှိဘူး” ဟု ဦးဖိုးစံက ဆိုသည်။

စီမံကိန်း ၃ ခုကို ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်တည်ဆောက်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သံတွဲမြို့က ဟိုတည်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝင်းသန်းဦးက “လေအားလျှပ်စစ် စီမံကိန်း ဆိုတော့ လျှပ်စစ်တွေ အများကြီးရလာမယ်။ လျှပ်စစ်တွေရရှိလာရင်တော့ ဒေသခံတွေက အလုပ်အကိုင်တွေ အများကြီးတိုးချဲ့ပြီး လုပ်လာနိုင်သလို ကျေးလက်ဒေသတွေလည်း လျှပ်စစ်မီး ရလာမယ်ဆိုရင်တော့ ကောင်းတဲ့လက္ခဏတစ်ခုလို့ ပြောလို့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရရှိလာမယ်” ဟု ပြောသည်။ 

လေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် ဘဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု မဖြစ်စေရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ 

အမ်းဒေသခံတစ်ဦးက “ဒီစီမံကိန်းကို အကောင်အထည်ဖော်ရင်တော့ သူတို့ကိုထောက်ခံကြတဲ့ ပြည်သူတချို့မှာ အလုပ်အကိုင်တွေ၊  အကျိုးအမြတ်တွေ ရရှိမယ်။ ဒါပေမဲ့ အခုလုပ်ဆောင်တာဟာ ပြည်သူတွေအတွက် ဦးစားပေးလုပ်နေတာလို့တော့ ကျနော်မထင်ဘူး။ သူတို့အတွက် အကျိုးအမြတ်ရအောင်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။ 

ယမန်နေ့က ပြုလုပ်ဆောင်ခဲ့သည့် လေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေးစီမံကိန်း အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သော အဖွဲ့နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့သည်။ 

တရုတ်သံအမတ်ကြီးက လျှပ်စစ်ကဏ္ဍမှာ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် တရုတ်နိုင်ငံနှင့် လျှပ်စစ်ထုတ်လုပ်ရန်လိုအပ်သည့် လေစွမ်းအင်၊ နေစွမ်းအင်၊ ရေအားနှင့် သဘောဝဓာတ်ငွေ့ အရင်းအမြစ်များ ပေါကြွယ်ဝသည့် မြန်မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် ပြည်တွင်းလျှပ်စစ်ဓာတ်အား ဖူလုံမှုနှင့်ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိနိုင်ရေးအတွက် တရုတ်ကုမ္ပဏီများက  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံဘက်မှ ပြောဆိုထားသည်။ 

ရခိုင်ပြည်တွင် ယခုထုတ်လုပ်မည့် လေအားလျှပ်စစ်စီမံကိန်းမှာ တရုတ် - မြန်မာကြား မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် လျှပ်စစ်ကဏ္ဍစီမံကိန်းတစ်ခုလည်း ဖြစ်သည်။ 

#R010

ဗီဒီယိုများ