စစ်တွေမြို့မဈေးကြီးတွင် ယာဉ်များ စည်းကမ်းမဲ့ရပ်နားနေခြင်းကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးကြီးတွင် သုံးဘီးယာဉ်နှင့် ဘေးတွဲဆိုင်ကယ်များမှာ ဈေးလမ်းထဲတွင် စည်းကမ်းမဲ့ ရပ်နားထားမှုများရှိနေသဖြင့် သွားလာရာတွင် လမ်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့်အတွက် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

By Admin 13 Dec 2022

စစ်တွေမြို့မဈေးကြီးတွင် ယာဉ်များ စည်းကမ်းမဲ့ရပ်နားနေခြင်းကို စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများလိုလားနေ

စစ်တွေမြို့မဈေးကြီးရှိ လမ်းတွင် သွားလာလှုပ်ရှားနေကြပုံများအား တွေ့ရစဉ်

DMG | ဒီဇင်ဘာ ၁၃

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ရှိ မြို့မဈေးကြီးတွင် သုံးဘီးယာဉ်နှင့် ဘေးတွဲဆိုင်ကယ်များမှာ ဈေးလမ်းထဲတွင် စည်းကမ်းမဲ့ ရပ်နားထားမှုများရှိနေသဖြင့် သွားလာရာတွင် လမ်းပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့်အတွက် စနစ်တကျ ကိုင်တွယ်ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

စစ်တွေမြို့မ ဈေးကြီးအတွင်းရှိလမ်းမှာ ကျဉ်းမြောင်းသည့်အတွက် သုံးဘီးဆိုင်ကယ်များနှင့် ဘေးတွဲဆိုင်ကယ်များ စည်းကမ်းမဲ့ ရပ်ထားမှုများကြောင့် သွားလာရာတွင် မကြာခဏ အခက်ကြုံရသည်။

စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်မှ မလှမေအေးက “ မနက်ပိုင်းဆို ဈေးဝယ်လာတဲ့သူတွေများ တယ်။ အဲဒီအချိန်မှာ တုတ်တုတ်သမားတွေက လမ်းတစ်လျှောက် ရပ်ထားကြတော့ ကျမတို့လို ဈေးဝယ်လာတဲ့သူတွေက သွားဖို့လမ်းနေရာတောင် မကျန်တဲ့နေ့တွေရှိတယ်။ တုတ်တုတ်သမားတွေက စည်းကမ်းတကျနဲ့ ရပ်ကြတာလည်းမဟုတ်ဘူး။ ရပ်ချင်သလိုတွေရပ်ကြတော့ တကယ် အခက်အခဲဖြစ်ပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း ဒီတိုင်းမထားဘဲ စနစ်တကျလေးဖြစ်အောင် စီမံပေးသင့်တယ်လို့မြင်တယ်” ဟု ပြောသည်။

ယင်းအပြင် သုံးဘီးဆိုင်ကယ်များမှာ ဈေးလမ်းအတွင်း တစ်စီးနောက်မှတစ်စီး ထပ်၍ ရပ်နားမှုကြောင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကာ ဈေးဝယ်သူများအတွက် သွားလာရေးတွင် အချိန်နှောင့်နှေးခြင်းများ ဖြစ်ပေါ်နေရသည်ဟု စစ်တွေဒေသခံ မနီလာချိုက ပြောသည်။

“သုံးဘီးတွေ၊ တုတ်တုတ်တွေက လမ်းဘေးမှာ တင်မဟုတ်ဘူး။ နှစ်ဆင့်သုံး ဆင့်ရပ်တာက လမ်းလယ်ခေါင်ထိ ရောက်တယ်။ တခါတလေဆို သူတို့ သုံးဘီးတွေရပ်တာ လမ်းမှာဆိုင်ကယ်တစ်စီးသွား လမ်းစာလောက်ပဲ ကျန်နေခဲ့ရော။ ဈေးတစ်ခါတစ်ခါသွားရင် ဈေးလမ်းမှာဆိုင်ကယ်သွားမရဘဲပိတ်နေတာကိုစောင့်နေရတာနဲ့တင် နာရီဝက်လောက် အချိန်ကုန်သွားတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့မဈေးကြီးလမ်းအတွင်း သုံးဘီးဆိုင်ကယ်နှင့် မော်တော်ဆိုင်ကယ်များ ဝင်ရောက်မောင်းနှင်ခြင်း၊ ရပ်နားခြင်းပြုလုပ်ပါက ဒဏ်ငွေသုံးသောင်းကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ စည်းကမ်းသတ်မှတ်ပြီး အရေးယူဆောင်ရွက်ခဲ့မှုများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက လုပ်ဆောင်ခဲ့သည်။

အဆိုပါစည်းကမ်းများမှာ လက်ရှိတွင် အသက်မဝင်ဘဲဖြစ်နေသဖြင့် စစ်တွေမြို့မဈေးကြီးတွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ ပြန်လည်ရှိလာနေခြင်းဖြစ်သည်ဟု စစ်တွေမြို့မဈေးကြီးမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“မနှစ်ကတော့ အရေးယူတာတွေ ရှိခဲ့တယ်။ အဲဒီလို ဆေးလမ်းမှာ စည်းကမ်းမဲ့ယာဉ်ရပ်နားရင် ဒဏ်ငွေပေးရမယ်ဆိုပြီး လုပ်ဆောင်ခဲ့တာရှိတယ်။အဲဒီအချိန်တုန်းက ဈေးလမ်းထဲမှာ လမ်းတော်တော်ရှင်းပြီး ဈေးရောင်းဈေးဝယ် လာကြတဲ့သူတွေအတွက် တော်တော်အဆင်ပြေခဲ့ကြတယ်။အခုက ဈေးလမ်းပိတ်တာတွေဖြစ်နေတာကိုလည်း တာဝန်ရှိသူတွေလည်း မြင်ကြပါတယ်။ ဒါပေမယ့် စနစ်တကျဖြစ်အောင်အကောင်အထည်ဖော်တာတော့ မတွေ့မိသေးဘူး” ဟု သူက ပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့မ‌ဈေးကြီးလမ်းတွင် သုံးဘီးဆိုင်ကယ်များစည်းကမ်းမဲ့ ရပ်နားမှုကြောင့် လမ်းပတ်ဆို့မှု ဖြစ်ပေါ်နေခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့နယ် ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူထံ DMG မှ သွားရောက်မေးမြန်းခဲ့သော်လည်း တွေ့ဆုံခွင့်မရခဲ့ပေ။

စစ်တွေမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေရှင်းရန်အတွက် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ကာ စစ်တွေမြို့မဈေးအနီးရှိ ရေတွင်းလမ်း၊ စျေးကြီးလမ်း၊ ကုန်သည်လမ်း၊ ထီးတန်းလမ်းနှင့် ရွှေဘန်းလမ်းတို့ကို တစ်လမ်းမောင်းစနစ်အဖြစ် သတ်မှတ်ခဲ့သည်။

ဗီဒီယိုများ