ဘူးသီးတောင် ဝါချီးလာရွာသားများ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ဝါချီးလာ(မွတ်ဆလင်)ရွာအနီးတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ကျေးရွာသားများ ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။

By Admin 30 Dec 2023

ဘူးသီးတောင် ဝါချီးလာရွာသားများ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာ

ရွာအနီးတိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ဘူးသီးတောင်အခြေစိုက် ခမရ(၅၆၅)တပ်ရင်းက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါချီးလာကျေးရွာသား ၃ ဦး သေဆုံးပြီး၊ ၈ ဦး ဒဏ်ရာရရှိထားသည်။ 

ဒီဇင်ဘာ ၂၉ ရက်၊ ညနေ ၄ နာရီခန့်တွင် အသက် ၁၈ နှစ်အရွယ် မောင်မာမောက်ဟာရပ်မှာ ရွာအနီးစိုက်ခင်းမှ နေအိမ်သို့ပြန်လာစဉ် လက်နက်ကြီးကျည်စထိမှန်၍ ဘယ်ဖက်လက်မောင်းတွင် ပြင်းထန်ဒဏ်ရာရရှိသွားသည်။ 

“သူက ရွာနားက ဟင်းခင်းကနေ ပြန်လာတာ။ အဲဒီမှာ လက်နက်ကြီးတစ်လုံးက သူအနားကို ကျပြီးတော့ ကျည်ထိသွားတာ။ ဒဏ်ရာကတော့ ပြင်းပါတယ်။ လက်မောင်းဖြတ်ရမယ့် အခြေအနေမှာရှိတယ်” ဟု  ဝါချီးလာကျေးရွာသားတစ်ဦးက ပြောသည်။ 

မောင်မာမောက်ဟာရပ်ကို ဘူးသီးတောင်မြို့ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပြီးနောက် လက်ရှိတွင် မောင်တောမြို့ဆေးရုံသို့ ယူဆောင်သွားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် ဝါချီးလာကျေးရွာအနီး နွားကျောင်းနေသည့် အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးမှာ ကျည်စထိမှန်၍ ညာဖက်ပေါင်တွင် (အသေးစား) ဒဏ်ရာရသွားခဲ့သည်။ 

နိုဝင်ဘာ ၂၇ ရက်ကလည်း လက်နက်ကြီးကျရောက်မှုကြောင့် ရွာအနီးငရုတ်ခင်းတွင် အလုပ်လုပ်နေသည့် ဝါချီးလာဒေသခံ ၆ ဦး ဒဏ်ရာရသွားပြီး ၃ ဦး သေဆုံးခဲ့ရသည်။

လက်နက်ကြီးကျည်များမှာ ရွာအနီးအနားတွင် ကျရောက်ပေါက်ကွဲမှုများ မကြာခဏရှိနေပြီး မပေါက်ကွဲဘဲ ကျန်ရှိနေသော လက်နက်ကြီးကျည်များလည်း ရှိနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်နေကြသည်။ 

“သေဆုံးဒဏ်ရာရသူတွေ များလာလို့ ရွာသားတွေက ဟင်းခင်းတွေကိုတောင် မသွားရဲကြတော့ဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲ လက်နက်ကြီးပစ်နေတော့ ဒေသခံမှာ အလိုလိုစိုးရိမ်နေရတယ်” ဟု ဝါချီးလာရွာသား နောက်တစ်ဦးက ပြောသည်။

ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။ ဒီဇင်ဘာလ ၂၈ ရက်၊ ညအချိန်ကလည်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များမှာ စေတီတောင်(မွတ်ဆလင်)ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် မွတ်ဆလင် ၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီး/ ငယ်၊ လေကြောင်း၊ ရေကြောင်းတို့မှ ပစ်ခတ်နေမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာနေသည်။ 

DMG စာရင်းအရ တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၂၉ ရက်ထိ ရခိုင်နှင့် ပလက်ဝမြို့နယ်တွင် အရပ်သားသေဆုံးသူ ၅၀ ဦးနှင့် ဒဏ်ရာရသူ ၁၆၇ ဦးထိ ရှိသည်။ ထိုစာရင်းထဲတွင် ပေါက်တောမြို့မှ သေဆုံး၊ ဒဏ်ရာရသူများ မပါဝင်ပေ။

ဗီဒီယိုများ