သွင်းအားစုစရိတ်မြင့်တက်မှု၊ အထွက်နှုန်းကျဆင်းမှုတို့ကြောင့် လေးမြို့မြစ်ဒေသမှ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နေ

ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် အထွေထွေစရိတ် မြင့်တက်နေမှုများကြားမှ ခက်ခက်ခဲခဲဖြင့် စိုက်ပျိုးထားရသည့် ပြောင်းခင်းများမှာ အထွက်နှုန်းကျဆင်းသွားသဖြင့် ပို၍ အခက်ကြုံနေကြရသည်။

By Admin 02 Jan 2023

သွင်းအားစုစရိတ်မြင့်တက်မှု၊ အထွက်နှုန်းကျဆင်းမှုတို့ကြောင့် လေးမြို့မြစ်ဒေသမှ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နေ

DMG ၊ ဇန်နဝါရီ ၂ 

ပြောင်းမျိုးစေ့ဈေးနှုန်း၊ ဓာတ်မြေဩဇာဈေးနှုန်း၊ အလုပ်သမားစရိတ်နှင့် အထွေထွေ သွင်းအားစုစရိတ်များ မြင့်တက်မှုအပြင် ပြောင်းအထွက်နှုန်းကျဆင်းမှုတို့ ကြောင့် ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ဒေသမှ ပြောင်းစိုက်တောင်သူများမှာ အရှုံးပေါ်နေရသည်ဟု အဆိုပါ တောင်သူများထံမှ သိရသည်။  

ယခင်က ပြောင်းမျိုးစေ့တစ်ထုပ်ကို ငွေကျပ် ၁ သောင်းခွဲရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄ သောင်းအထိ မြင့်တက်သွားပြီး ဓာတ်မြေသြဇာဈေးနှုန်းမှာလည်း ယခင်က တစ်အိတ်ကို ငွေကျပ် ၇ သောင်းဝန်းကျင်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၁၆၀,၀၀၀ အထိ မြင့်တက်သွားခြင်းဖြစ်သည်။ ယင်းအပြင် လုပ်အားခအဖြစ် နေ့စားအလုပ်သမားတစ်ဦးကို ယခင်က ငွေကျပ် ၄,၀၀၀ သာရှိခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် ၇,၀၀၀ အထိမြင့်တက်သွားသည်။ 

ထို့ကြောင့် ပြောင်းစိုက်တောင်သူများမှာ ထွက်ငွေနှင့်ဝင်ငွေ ကိုက်ညီမှုမရှိဘဲ အရှုံးပေါ်နေရခြင်း ဖြစ်သည်ဟု မြောက်ဦးမြို့နယ်၊ ဂုဏ်ကျွန်းကျေးရွာမှ ပြောင်းစိုက်တောင်သူ ဒေါ်သန်းသန်းမြင့်က ပြောသည်။ 

“ ဒီနှစ်ပြောင်းစိုက်ရတာက ရှုံးငွေကများတယ်။ ထွက်ငွေကများပြီး ဝင်ငွေကနည်းတယ်။ မြေဆီစရိတ်လည်းဈေးတက်တယ်။ ပြောင်းစေ့တွေကလည်း ဈေးတက်တယ်။ လုပ်အားခကလည်း များတယ်။ ကုန်ဈေးနှုန်းတွေကလည်း တက်တယ်ဆိုတော့ စိုက်ခင်းကရတဲ့ပြောင်းတွေကို ပြန်ရောင်းတဲ့အခါ ဝင်ငွေနဲ့ ထွက်ငွေမကိုက်ဘူး။ လမ်းတွေကလည်းပိတ်တော့ သွားရလာရတာ အဆင်မပြေဘဲ ဖြစ်သလိုရောင်းလိုက်ရတယ်” ဟု ၎င်းက ပြောသည်။ 

မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်ဒေသမှ ထွက်ရှိသည့် ပြောင်းဖူးများကို ပုံမှန်အားဖြင့်  မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် စစ်တွေမြို့အထိ သွားရောက်ရောင်းချလေ့ရှိသလို အဆိုပါမြို့နယ်တို့မှ ဒေသခံများကလည်း လေးမြို့မြစ်ဒေသကို လာရောက်ပြီး ပြောင်းဖူးများ ဝယ်ယူကြသည်ဟုလည်း သိရသည်။ 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန် တိုက်ပွဲကာလတွင် လမ်းခရီးပိတ်ပင်ထားမှုတို့ကြောင့်  ပြောင်းဖူးများကို တင်ပို့ရောင်းချနိုင်ခြင်း မရှိခဲ့သလို လာရောက်ဝယ်ယူသူများလည်း မရှိသဖြင့် အခက်အခဲကြုံခဲ့ရသည်ဟု ပြောင်းစိုက်တောင်သူများက ဆိုကြသည်။ 

ထို့ကြောင့် ဒေသအနီးတစ်ဝိုက်မှာသာ အဆင်ပြေသလို ဈေးနှုန်းလျှော့ချပြီး ရောင်းချလိုက်ရသည့်အပြင် ပြောင်းပုံမှန်မထွက်မှုတို့ကြောင့်လည်း အခြားသူများထံမှ အတိုးဖြင့် ချေးယူထားသည့်ငွေများကို ပြန်ဆပ်ရန်အတွက် အခက်တွေ့နေရသည်ဟု မြောက်ဦးမြို့နယ်၊ ဆင်အိုးကြီးကျေးရွာမှ ပြောင်းစိုက်တောင်သူ မဇင်မာနွယ်က ပြောသည်။ 

 “မျိုးစေ့ကလည်းဈေးကြီးတယ်။ မြေဆီကလည်း ဈေးကြီးတဲ့ကြားထဲ မြေဆီ သုံးကြိမ်လောက်သုံးပေးမှ ပြောင်းက ပုံမှန်ထွက် တယ်။ ရောင်းရင်လည်း အဖူးက ပုံမှန်ဆိုမှ ဈေးပုံမှန်ရတယ်။ အဖူးပုံမမှန်ရင် ဈေးလည်းမရဘဲ အရှုံးပေါ်တယ်။ စိုက်ခင်းက ပြောင်းပုံမှန်ထွက်မှ ရတဲ့အမြတ်လေးနဲ့ မိသားစုစားဝတ်နေရေး လည်ပတ်နေရတာ။ ကိုယ့်မှာပိုက်ဆံမရှိရင် သူများဆီက ငွေအတိုးနဲ့ ချေးယူပြီး စိုက်ရတာဆိုတော့ စိုက်ခင်းက ပုံမှန်မထွက်ရင် သူများတွေကို ပြန်ဆပ်တဲ့အခါအဆင်မပြေဘူး” ဟု သူက ဆိုသည်။ 

ပြီးခဲ့သည့်နှစ်များက မြေဩဇာများကို ပုံမှန်သုံးစွဲနိုင်ခဲ့သဖြင့် ပြောင်းစေ့တစ်ထုပ်စိုက်ပျိုးပါက အဖူးအရေအတွက် တစ်ထောင်ကျော်အထိ ထွက်ရှိခဲ့သော်လည်း ယခုပထမအသုတ် ပြောင်းစိုက်သည့်အချိန်တွင် မြေသြဇာလုံလောက်စွာ မသုံးစွဲနိုင်ခဲ့သဖြင့် ပြောင်းစေ့တစ်ထုပ်မှ အဖူးအရေအတွက် အများဆုံး ၅၀၀ မှ ၆၀၀ ခန့်သာ ထွက်ရှိတော့သည်ဟု ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ 

ပြောင်းမျိုးစေ့၊ ဓာတ်မြေဩဇာနှင့် အထွေထွေစရိတ်မြင့်တက်နေမှုကြားမှ ခက်ခက်ခဲခဲဖြင့် စိုက်ပျိုးထားရသည့် ပြောင်းခင်းများမှာ အထွက်နှုန်းကျဆင်းသွားသဖြင့် ပို၍ အခက်ကြုံကြရသည်ဟု ဆိုကြသည်။

ထို့ကြောင့် ဒုတိယအသုတ် ပြောင်းစိုက်ပျိုးသည့်ချိန်တွင် စိုက်ပျိုးဧကများ လျှော့ချပြီး စိုက်ပျိုးခဲ့ရသည်ဟု ပြောင်းစိုက်တောင်သူများက ဆိုကြသည်။ ယင်းအပြင် မြေသြဇာ လုံလောက်စွာသုံးစွဲနိုင်ခဲ့ကြသည့် တောင်သူအချို့၏ ပြောင်းပင်များမှာ ပိုးကျခြင်းများရှိလာနေသဖြင့် အပျက်အစီးများရှိလာနေသည်ဟု မြောက်ဦးမြို့နယ်၊ မြက်ရိတ်ကျွန်းကျေးရွာမှ ပြောင်းစိုက်တောင်သူ မနုနုရီက ပြောသည်။

“ပြောင်းခင်းမှာ ပိုးကျတယ်။ အဖူးကို ပိုးစားတာနဲ့ အဆင်မပြေတော့ဘူး။ ပိုက်ဆံကလည်း သူများဆီကယူထားရတာ။ အခုလို အဆင်မပြေတော့ စိုက်ခင်းကရတာလေးကို မိသားစု စားဝတ်နေရေးအတွက် သုံးရမှာလား၊ အတိုးပေးရမှာလားဆိုတာ မသိတော့ဘူး။ ဒီနှစ်ကတော့ လုံးဝအခြေအနေမကောင်းဘူး။ အပျက်အစီးကတော့ တအားများပါတယ်” ဟု သူက ပြောသည်။ 

မြောက်ဦးမြို့နယ်၊ လေးမြို့ကမ်းခြေတစ်လျှောက်တွင် နေထိုင်နေကြသည့် ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေကြခြင်းဖြစ်ကာ ပြောင်းကို အဓိကစိုက်ပျိုးကြသည့်အပြင် မြေပဲနှင့်အခြားသော သီးနှံများကိုလည်း ရာသီအလိုက်စိုက်ပျိုးကြသည်။

ပြောင်းစိုက်ပျိုးရေးလုပ်ငန်းကို ရာသီမရွေးလုပ်ကိုင်နိုင်ပြီး ပြောင်းများကို မိုးသီနှံအဖြစ် မေလမှဇွန်လအတွင်း စိုက်ပျိုး၍ အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ရိတ်သိမ်းကြသည်။ အလားတူ နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးကြပြီး မတ်လနှင့် ဧပြီလတွင် ရိတ်သိမ်းကာ ခြောက်သွေ့သော ရာသီသီးနှံအဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

#R009

ဗီဒီယိုများ