နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

ရှမ်းမြောက်ဒေသက TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၆ ရက်)၊ နံနက်ပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

By Admin 16 Jul 2025

ပုံစာ- နောင်ချိုမြို့တွင် ဝင်ရောက်နေရာယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
ပုံစာ- နောင်ချိုမြို့တွင် ဝင်ရောက်နေရာယူထားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

DMG ၊ ဇူလိုင် ၁၆

ရှမ်းမြောက်ဒေသက TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၆ ရက်)၊ နံနက်ပိုင်းတွင် ပြန်လည်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

" နောင်ချိုမြို့မဈေး၊ ရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ တခြားမြို့ထဲက နေရာတော်တော်များများကို စစ်ကောင်စီက သိမ်းထားလိုက်ပြီလို့ သိရတယ်။ အခုမြို့ထဲမှာ တိုက်ပွဲသံ မကြားရတော့ဘူး " ဟု နောင်ချိုဒေသခံ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း နောင်ချိုမြို့ကို အလုံးစုံသိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြနေကြသည်။

နောက်ထပ် ဒေသခံတစ်ဦးကလည်း " စစ်ကောင်စီတွေ မြို့ထဲကို ဝင်နေရာယူလိုက်တာ ဟုတ်ပါတယ်။ လက်ရှိ မြို့တွင်းမှာ တိုက်ပွဲတွေ မရှိတော့ဘူး။ တော်လှန်ရေးအင်အားစုတွေဟာလည်း မြို့အပြင်ကနေ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတယ်လို့ သိရတယ် " ဟု DMG ကို ပြောသည်။

လက်ရှိ နောင်ချိုမြို့အခြေအနေများနှင့် ပတ်သက်၍ TNLA ပြောခွင့်ရသူ လွေးယေဦးအား DMG က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

နောင်ချိုမြို့အားပြန်လည်ရရှိရန် စစ်ကောင်စီသည် မေလမှ စတင်၍ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နှစ်လကျော်အကြာတွင် မြို့ထဲအထိ ရောက်ရှိလာခြင်းဖြစ်သည်။

နောင်ချိုမြို့အား စစ်ကောင်စီက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခြင်းသည် တော်လှန်ရေးတပ်များအတွက် နယ်မြေထိန်းချုပ်မှုနှင့် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း စစ်ရေးအကဲခတ်သူတို့က သုံးသပ်နေကြသည်။

" စစ်ကောင်စီက နောင်ချိုကို ရခဲ့ရင် ကျောက်မဲနှင့် သီပေါကိုလည်း စစ်ရေးအရ ဆက်ပြီးတော့ တိုက်ခိုက်သွားမယ့် အနေအထားမျိုးရှိတယ်။ ဘာလို့လဲဆိုတော့ လားရှိုဘက်ကနေ စစ်လေယာဉ်တွေ အတက်၊ အဆင်းရှိနေသလို လက်နက်ကြီးတွေနဲ့လည်း သီပေါဘက်ကို ပစ်မှတ်မှတ်ပုံတင်ထားတာကို တွေ့ရတယ် " ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

နောင်ချိုမြို့နယ်သည် ကျောက်မဲမြို့နှင့် မိုင် ၄၀ ခန့်၊ သီပေါ်မြို့နှင့် မိုင် ၆၀ ကျော်၊ မိုးကုတ်မြို့နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသည်။ ထို့အပြင် နောင်ချိုမြို့သည် မန္တလေး- လားရှိုး- မူဆယ် လမ်းမကြီးပေါ်ရှိပြီး မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်မဲနှင့် သီပေါမြို့တို့နှင့်လည်း ကားလမ်း၊ ရထားလမ်းများဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်သည်။

စစ်ကောင်စီနှင့် TNLA တို့သည့် တရုတ်ကြားဝင်ညှိနိုင်းမှုဖြင့် ပြီးခဲ့သည့် မေလက ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး စစ်ကောင်စီက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ်မြို့မှ TNLA ၏ တပ်များကို ဆုတ်ခွာပေးရန် တောင်းဆိုခဲ့သဖြင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ရသည်။

ယင်းနောက် စစ်ကောင်စီသည် နောင်ချိုမြို့ကို သိမ်းပိုက်ရေးအတွက် ထိုးစစ်ဆင်နေမှုနှင့်အတူ မိုးကုတ်၊ ကျောက်မဲနှင့် သီပေါမြို့ကိုလည်း နေ့စဉ် လေကြောင်းမှ ဗုံးကြဲနေသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတို့ကြောင့် စစ်ဘေးရှောင်နှင့် ဒေသခံ အပါအဝင် သေဆုံး ဒဏ်ရာရသူ ၅၀ ကျော်ထက်မနည်း ရှိလာနေကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

" နောင်ချိုမှာ စစ်ဖြစ်နေလို့ ကျောက်မဲကို စစ်ရှောင်လာပါတယ်ဆိုမှ ဒီလိုမျိုး ထပ်ထိတဲ့ အနေအထားမျိုးဆိုတော့ ဒါက ဘယ်လိုမှ မကောင်းဘူး။ မဖြစ်သင့်ဘူးလို့ မြင်တယ် " ဟု TNLA ထိန်းချုပ်ဒေသရှိ စစ်ရှောင်အရေး ကူညီနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်အကြာတွင် စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုဒေသသည် ရှမ်းမြောက်နှင့် ရှမ်းတောင်ဒေသအအပြင် မန္တလေးတိုင်းကနေ တရုတ်နယ်စပ်အထိ ချိတ်ဆက်ထားသော တံခါးပေါက်ဖြစ်ပြီး စစ်ရေး၊ စီးပွားရေး ဗျူဟာအရ အလွန်အရေးပါသည့် နေရာလည်း ဖြစ်သည်။