အရပ်သားထိခိုက်မှု ကာကွယ်ပေးလို၍ နောင်ချိုမြို့ကို လက်လွှတ်လိုက်ရကြောင်း TNLA ပြော

စစ်ကောင်စီ၏ အပြင်းအထန် ထိုးစစ်ကြောင့် အရပ်သားများထိခိုက်မှုကို ကာကွယ်ပေးလို၍ နောင်ချိုမြို့ကို လက်လွှက်လိုက်ရခြင်းဖြစ်ကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြောလာသည်။

By Admin 05 Aug 2025

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တွေ့ရသည့် TNLA တပ်သားများနှင့် MDY-PDF စစ်ဦးစီးချုပ်။ ဓာတ်ပုံ - MDY-PDF
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တွေ့ရသည့် TNLA တပ်သားများနှင့် MDY-PDF စစ်ဦးစီးချုပ်။ ဓာတ်ပုံ - MDY-PDF

DMG ၊ ဩဂုတ် ၅

စစ်ကောင်စီ၏ အပြင်းအထန် ထိုးစစ်ကြောင့် အရပ်သားများထိခိုက်မှုကို ကာကွယ်ပေးလို၍ နောင်ချိုမြို့ကို လက်လွှက်လိုက်ရခြင်းဖြစ်ကြောင်း တအာင်းတပ် (TNLA) က ထုတ်ပြောလာသည်။

နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားအများအပြား ထိခိုက်ခဲ့ရကြောင်း TNLA ပြောခွင့်ရ လွေးယေဦး က ဆိုသည်။

" စစ်ကောင်စီက အရပ်သားတွေကို ဗုံးကြဲတယ်။ လေကြောင်း တိုက်ခိုက်တာတွေကြောင့် အရပ်သားအများအပြား ထိခိုက်မှုတွေ ရှိပါတယ်။ ဒါကြောင့် အရပ်သား ထိခိုက်မှုတွေကို ကာကွယ်ဖို့ နောင်ချိုကနေ နောက်ဆုတ်ပေးလိုက်ရတာဖြစ်ပါတယ်" ဟု လွေးယေဦး က ပြောသည်။

ယနေ့ ပြုလုပ်သည့် TNLA ၏ သတင်းစာရှင်းလင်းပွဲတွင် နောင်ချိုမြို့လက်လွှက်လိုက်ရသည့် ကိစ္စနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို TNLA ပြောခွင့်ရသူ လွေးယေဦးက ရှင်းပြလာခြင်းဖြစ်သည်။

စစ်ရေး၊ စီးပွားရေးဗျူဟာအရ အရေးပါသည့် နောင်ချိုမြို့ကို TNLA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်ခဲ့ပြီးနောက် တစ်နှစ်အကြာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့ကို ပြန်ရရန် မြေပြင်စစ်ကြောင်းအများအပြား၊ လက်နက်ကြီးနှင့် ဝေဟင်ပေါင်းစပ်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲပေါင်း ၅၈၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို ထပ်မံသိမ်းပိုက်ရန် လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်နေသည့်အပြင် မြေပြင်ထိုးစစ်လည်း ပြုလုပ်နေကြောင်း လွေးယေဦးက ဆက်ပြောသည်။

" လက်ရှိ မိုးကုတ်က လေကြောင်းတိုက်ခိုက်မှု အခံရဆုံးပဲ။ အခုတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တာ မရှိသေးပေမယ့် ထိုးစစ်ဆင်လာရင်တော့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အတွက် မဟာမိတ်တွေနဲ့ ပူးပေါင်းပြင်ဆင်ထားတယ်" ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် လက်လွှတ်ထားရသည့် နယ်မြေအားလုံးအပါအဝင် ၎င်းတို့ အုပ်ချုပ်ရေး စိုးမိုးမှု အားနည်းသည့် ဒေသများတွင်လည်း စစ်အုပ်ချုပ်ရေး ကြေညာထားပြီး လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာကြောင်း တွေ့ရသည်။

လက်ရှိတွင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့လုံးတွင် မမြင်နိုင်သည့် ဖိအားတစ်ခုခုကြောင့် အရှိန်မြင့်ထိုး စစ်များရပ်တန့် ထားရမှုဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

" မြောက်ပိုင်းညီနောင် ၃ ဖွဲ့လုံးက စစ်ရေးအားနည်းတယ်လို့ မမြင်ပါဘူး။ ဒါပေမဲ့ ပြောလို့မရ၊ မြင်လို့မရတဲ့ နိုင်ငံရေးနည်းတွေ ရှိတယ်။ ကိုးကန့်ဆိုလည်း အပစ်ရပ်လိုက်ရတယ်။ TNLA ဆိုလည်း တစ်လက်မချင်း ခုခံစစ်ပြင်လို့သာ စစ်ကောင်စီရဲ့ အရှိန်အဟုန် ရပ်တန့်နေတာဖြစ်ပါတယ်။ AA ကလည်း ကျောက်ဖြူမှာ စစ်ဆိုင်ထားတာပဲရှိတယ်။ ညီနောင် ၃ ဖွဲ့လုံးက ထိုးစစ်မဆင်နိုင်တဲ့ ဖိအားတစ်ခုခုရှိနေလို့ပေါ့ " ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

လက်ရှိ စစ်ကောင်စီ ထိုးစစ်ကို ခုခံနေရသည့် TNLA တွင် တရုတ်နိုင်ငံ၏ ဖိအားရှိနေပြီး အဆင်ပြေစေရန် တွေ့ဆုံဆွေးနွေးမှုများလုပ်နေကြောင်း TNLA က ပြောထားသည်။

ယခု နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းနေသည့် စစ်ကောင်စီသည် လက်လွှတ်နယ်မြေများကို ပြန်ရယူရန် အပြင်းအထန်ကြိုးပမ်းနေသဖြင့် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း နိုင်ငံရေး၊စစ်ရေး လေ့လာသူများက သုံးသပ်ကြသည်။