- မြန်မာ့ပဋိပက္ခထဲမှာ လှေနံနှစ်ဘက်နင်းတဲ့ တရုတ်ကစားကွက် (၁)
- ရခိုင်ပြည်က ဟောင်းနွမ်းငွေစက္ကူ ပြဿနာ အထူးကြပ်မတ်ရန် လိုအပ်နေ
- ICC ရှေ့နေ ကယ်ရင်ခန် လိင်မတော်မတရားမှုဖြင့် စစ်ဆေးခံနေရ
- စစ်ကောင်စီ၏ အငြိုးအတေး ပစ်မှတ်အောက်က မြို့ကျောက်တော်
- ဧရာဝတီ၊ ကွင်းကောက်မြို့အနီးက ကပျိုစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်
ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးရွာမှ ဒေသခံ ၄ ဦးကို မြန်မာစစ်တပ် ဖမ်းဆီး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှ ဒေသခံ ၄ ဦးကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ညနေပိုင်းအချိန်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက DMG ကိုပြောသည်။
12 Nov 2022

ပုဏ္ဏားကျွန်းမြို့နယ်၊ ကျွဲထိုးကျေးရွာမှ ဒေသခံများထွက်ပြေးနေကြစဉ်။
DMG ၊ နိုဝင်ဘာ ၁၂
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုးကျေးရွာမှ ဒေသခံ ၄ ဦးကို ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ညနေပိုင်းအချိန်တွင် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်များက DMG ကိုပြောသည်။
တန်းခိုးကျေးရွာ ချောင်းဝတွင် ရောက်ရှိနေသည့် မြန်မာစစ်တပ်ရေယာဉ်မှ စစ်သားများသည် နံနက် ၁၀ နာရီခန့်တွင် ဒရုန်းများဖြင့်ပစ်ခတ်ကာ ရွာအတွင်းသို့ဝင်ရောက်လာပြီးနောက် ဒေသခံ ၆ ဦးခန့်ကို ကျေးရွာဘောလုံးကွင်းအနီး သရက်တောတွင် ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်ဟု မျက်မြင်များက DMG ကိုပြောသည်။
ယင်းနောက် ညနေ ၄ နာရီကျော်ခန့်တွင် ဖမ်းဆီးခံရသည့် ၆ ဦးထဲအနက် ၄ ဦးကို တပ်သားများမှ ပုဏ္ဏားကျွန်းမြို့ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် တန်းခိုးကျေးရွာသားတစ်ဦးက ပြောသည်။
“ရွာသားလေးယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ သူတို့(မြန်မာစစ်တပ်)က ရွာသားတွေကို ဘောလုံးကွင်းနားမှာ စစ်ဆေးမှုတွေ၊ ဓာတ်ပုံရိုက်တာတွေလုပ်ပြီးနောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ဘယ်နေရာကိုခေါ်သွားမှန်း မသိဘူး။ ပုဏ္ဏားကျွန်းမြို့ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာကိုတွေ့ရတယ်”ဟု သူကဆိုသည်။
ဖမ်းဆီးခံရသူများမှာ ဦးမောင်ဝင်းကြိုင်(၅၆ နှစ်)၊ ဦးမောင်သိန်း(၅၁ နှစ်)နှင့် ဦးဦးမောင်သိန် (၄၈ နှစ်)၊ ဦးဂျော်ဂျီအောင် (၅၀ နှစ်)တို့ဖြစ်ကြသည်။ ယင်းအပြင် တန်းခိုးကျေးရွာအနီးရှိ ကျွဲထိုးကျေးရွာမှ ရွာသားအချို့လည်း ဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်နေပြီး DMG က အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်သည်။
တန်းခိုးကျေးရွာသို့ ဝင်ရောက်လာသည့် စစ်သားများထဲမှ အချို့မှာ ကျွဲထိုးကျေးရွာသို့လည်း မွန်းလွဲ ၁၂ နာရီခန့်တွင် ဝင်ရောက်လာသည့်အတွက် ကျေးရွာသားများမှာ ကြောက်လန့်ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။
ယင်းသို့ဝင်ရောက်လာသော စစ်သားများသည် ကျွဲထိုးကျေးရွာအတွင်းရှိ လူမရှိတော့သည့်ဆိုင်ခန်းများမှ စားသောက်ကုန်များကို ယူဆောင်သွားကြကာ ညနေ ၃ နာရီကျော်ခန့်တွင် ရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားသည်ဟု အမည်မဖော်လိုသည့် ကျွဲထိုးရွာသားတစ်ဦးကပြောသည်။
“ကျွဲထိုးရွာကတစ်ယောက် ဖမ်းဆီးခံရတာ သုံးနာရီလောက်မှာ လွတ်တယ်။ လမ်းပြအဖြစ်ခေါ်သွားပြီး လမ်းတစ်ပိုင်းလောက်မှာ ပြန်လွှတ်လိုက်တယ်လို့ သိရတယ်။ ရွာက ဆိုင်တွေကို သေနတ်တွေနဲ့ဖွင့်ပြီး အရက်တွေ၊ ဘီယာတွေ၊ ဖိနပ်တွေကပင်အစ ယူသွားတယ်။ အိမ်မှာထားတဲ့ ကြက်တွေတောင် ယူသွားတယ်”ဟု အဆိုပါဒေသခံကပြောသည်။
ထိုသို့ ဒေသခံများ၏ ပြောဆိုချက်နှင့်ပတ်သက်၍ မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
မြန်မာစစ်တပ်မှ ဒရုန်းဖြင့် ပစ်ခတ်မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ စစ်ကြောင်းဝင်ရောက်လာမှုများကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းခိုး၊ ကျွဲထိုး၊ အိုင်ဒင်၊ ဆင်အိုးကြီး၊ အလယ်ကျွန်း၊ ငှက်ကြီးကျွန်းနှင့် ပဒေသာကျေးရွာတို့မှ ဒေသခံလေးထောင်ခန့် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။