- ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
- ရခိုင်တွင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သူ အာမခံဖြင့် လွတ်မြောက်နေ
- ရခိုင်လွတ်မြောက်ခြင်းသည် တစ်နိုင်ငံလုံးတော်လှန်ရေးအတွက် ကြီးမားသောသက်ရောက်မှုရှိနေကြောင်း ချင်းညီနောင်ပြော
- အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
- ငှက်ဖျားကြောင့် သေဆုံးမှုမြင့်တက်နေသည့် အမ်းတွင် ကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုအပ်နေ
စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
ယခုရက်ပိုင်းအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများ ရှိနေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် နေထိုင်နေရသော စစ်တွေမြို့ခံများမှာ လုံခြုံရေးစိုးရိမ်ချက်များ ရှိနေကြသည်။
23 Dec 2024

DMG ၊ ဒီဇင်ဘာ ၂၃
ရခိုင်ပြည် စစ်တွေနှင့် ပုဏ္ဏားကျွန်း မြို့နယ်စပ်က ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ဒီဇင်ဘာ ၂၁ ၊ ၂၂ ရက်များတွင် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။
စစ်တွေမြို့နယ် သိန်းတန်၊ တောကန်၊ အမြင့်ကျွန်း၊ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်၊ စပါးထား အပါအဝင် မြို့နယ်ချင်းစပ် ကျေးရွာများအနီးတွင် ပစ်ခတ်နေကြခြင်းဖြစ်ပြီး စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခြင်း၊ ရွှေမင်းဂံရေတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်ခြင်းများလည်း ရှိနေကြောင်း သိရသည်။
AA နှင့်နီးစပ်သူတစ်ဦးက “ရွှေမင်းဂံရေတပ်ကလည်း လက်နက်ကြီးနဲ့ပစ်တယ်။ သဲခုံကျေးရွာနားမှာရှိတဲ့ နေဗီကလည်း လှမ်းပစ်တယ်။ ပြီးတော့ လေယာဉ်နဲ့လည်း ပထမနေ့က နှစ်ကြိမ်လာပစ်ခဲ့တယ်။ AA ဘက်ကလည်း နေဗီကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာရှိခဲ့တယ်။ အပြန်အလှန် ပစ်ခတ်နေတာလို့ ပြောလို့ရတယ် ” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခြင်းများ ရှိနေသဖြင့် စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် နေထိုင်နေရသော စစ်တွေမြို့ခံများမှာ လုံခြုံရေးစိုးရိမ်ချက်များ ရှိနေကြသည်။
စစ်တွေမြို့ပေါ်ရပ်ကွက် ကုန်တန်း၊ ဓညဝတီ၊ ဆတ်ရိုးကျ၊ မင်းဂံ တို့တွင် ဒီဇင်ဘာ ၂၁ ရက် ညည့်အချိန်မှစ၍ စစ်ကောင်စီက နေအိမ်များကို ဝင်ရောက်စစ်ဆေးခြင်းများ ပြန်လည်လုပ်ဆောင်လာကြောင်း စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“စနေနေ့ညကစလို့ ရပ်ကွက်တွေကို ဝင်စစ်နေတာ။ အရင်လတုန်းက ဧည့်စာရင်းစစ်တာတွေ ပျောက်နေခဲ့တာ။ အခု လက်နက်သံကြားတော့ တဖန်ဧည့်စာရင်း စစ်ပြန်ပြီ။ မြို့မှနေတဲ့လူတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြပြီ” ဟု ပြောသည်။
ယင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်ရှိ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတချို့မှာ ငါးဖမ်းမထွက်ဝံ့တော့ဘဲ ဖြစ်နေကြသည်။
စစ်ကောင်စီသည် မောင်တောနှင့် အမ်းမြို့နယ်ကို ကျရှုံးပြီးနောက်ပိုင်း စစ်တွေပင်လယ်ပြင် မြို့ပတ်လည်ကို နေဗီ ၁၀ စီးထက်မနည်းဖြင့် ဝိုင်းရံကာ အင်အားတိုးမြှင့်ထားသည်ဟုလည်း AA နှင့်နီးစပ်သူက ပြောသည်။
“ကျောက်ဖြူ ဖက်ကနေလာတာ။ ဒီရက်ပိုင်းမှာ နေဗီ ၃ စီးလောက် ထပ်တိုးတယ်” ဟု ဆိုသည်။
စစ်တွေမြို့နယ်မှ အမြင့်ကျွန်း၊ ချီလည်ပင်း၊ သိန်းတန်၊ ကျားမသောက်၊ တောကန် စသည့်ကျေးရွာများနှင့် အနီးအနားတွင် ယခုရက်ပိုင်း စစ်ကောင်စီက အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေပြီး AA ကလည်း ၎င်းတို့ ထိန်းချုပ်နေရာများတွင် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်ထားသည်။
စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက်စစ်အင်အား ဖြည့်တင်းနေခြင်းကြောင့် လာမည့် ၂၀၂၅ နှစ်ဆန်းပိုင်းတွင် တိုက်ပွဲကြီးများဖြစ်လာသည့် အရိပ်အရောင်ကို မြင်ရကြောင်း ခန့်မှန်းနေကြသည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၃ ခုထိ သိမ်းပိုက်ထားပြီး ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။