တောဖျားချောင်းဒေသရှိ စစ်ဘေးရှောင် ၅ ထောင်ခန့် ရိက္ခာပြတ်လပ်တော့မည် 

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် အထက်ပိုင်း တောဖျားချောင်းဒေသတွင် လာရောက်ခိုလှုံကြသည့် စစ်ဘေးရှောင် ၅,၀၀၀ ခန့်မှာ စားနပ်ရိက္ခာ ပြတ်လပ်မည့်အရေးနှင့် ကြုံတွေ့နေကြသည်။  

By Admin 09 Dec 2023

 တောဖျားချောင်းဒေသ ပိုးရွှီပြင်ရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များအား ဒီဇင်ဘာလ ၈ ရက်က တွေ့ရစဉ်။  
တောဖျားချောင်းဒေသ ပိုးရွှီပြင်ရွာတွင် ခိုလှုံနေကြသော စစ်ဘေးရှောင်များအား ဒီဇင်ဘာလ ၈ ရက်က တွေ့ရစဉ်။  

ပိုးရွှီပြင်ကျေးရွာတွင် စစ်ဘေးရှောင် ၂,၀၀၀ ကျော်အထိရှိပြီး ၎င်းတို့စားသောက်ရေးအတွက် ရွာသားများက ဝိုင်းဝန်းကူညီပေးထားသော်လည်း လာမည့်ရက်ပိုင်းအတွင်း ရိက္ခာပြတ်လပ်တော့မည်ဖြစ်ကြောင်း သိရသည်။ 

“ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် စီစဉ်ပေးထားတယ်။ သူတို့တွေရောက်တာက လခွဲလောက်ရှိပြီ။ အခုက လမ်းခရီးတွေကန့်သတ်ထားတော့ ရွာမှာရှိတဲ့ကုန်ပစ္စည်းတွေလည်း ကုန်လာပြီ။ ရွာကလူတွေမှာလည်း အခက်အခဲရှိတယ်။ အကူအညီမရရင်တော့ အခက်အခဲပိုဖြစ်လာမယ်” ဟု ပိုးရွှီပြင်ကျေးရွာမှ ဦးမောင်မြင့်လင်းက ပြောသည်။ 

တောဖျားဒေသတွင် လာရောက်ခိုလှုံနေကြသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ရဲရိုးပြင်၊ လက်ဝဲစာတိုက်၊ ကွမ်းတောင်၊ မြေကုန်း၊ ပေါက်တောမြို့နယ် မနော်သီရိ၊ ရသေ့တောင်မြို့ပေါ်ဒေသခံများ၊ စစ်တွေမြို့နယ် စသည့် နေရာအသီးသီးမှ ထွက်ပြေးတိမ်းရှောင်လာသူများ ဖြစ်သည်။  

စစ်ဘေးရှောင်များမှာ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီက နေအိမ်မီးရှို့မှုနှင့် လက်နက်ကြီး/ငယ်ပစ်ခတ်နေမှု တို့ကြောင့် တောဖျားချောင်းဒေသရှိ ပိုးရွှီပြင်၊ ဂန့်ဂါ၊ ရဟတ်တောင်၊ ပြိုင်းချောင်း၊ စေတီပြင်၊ မဲဒမ၊ ပေါက်တောပြင် စသည့် ကျေးရွာအသီးသီးသို့ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။ 

ပုဏ္ဏားကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသသည် ဝေးလံခေါင်ဖျားဒေသ ဖြစ်သည့်အလျှောက် ဖုန်းလိုင်း၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခက်အခဲများရှိသည်။ 

ရသေ့တောင်မြို့မှထွက်ပြေးလာသူ ဒေါ်ခင်မေအောင်က “ကျမတို့က ဒီကလူတွေရဲ့ အကူအညီနဲ့ ဝဝလင်လင်မစားရပေမယ့် အဆင်ပြေပါတယ်။ ရွာကလူတွေမှာလည်း အခက်အခဲတွေရှိကြတယ်။ အခုက ရွာမှာလည်း ရိက္ခာတွေနည်းလာပြီ။ ရွာသားတွေ မကူညီပေးနိုင်ရင် ကျမတို့လည်းအခက်အခဲဖြစ်မှာ” ဟု ပြောသည်။ 

ရခိုင်ဒေသအတွင်း လမ်းခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် စစ်ဘေးရှောင်များအပါအဝင် ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုဒဏ်ကို ခံစားနေကြရသည်။ 

လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကိုလည်း စစ်ကောင်စီက တားမြစ်ထားသဖြင့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုဒဏ်ကို ပို၍ကြုံတွေ့နေရသည်။ 

“ကြာလာရင် အငတ်ဘေးဆိုက်တော့မယ်။ လူမှုကူညီရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကူညီခွင့်ပေးဖို့ ကျမတို့ တောင်းဆိုချင်ပါတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွာမှ ထွက်ပြေးလာသူ ဒေါ်မအေးလှက ပြောသည်။ 

ရခိုင်ပြည်အတွင်း နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် ပေါက်တော၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်တို့မှ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးရှောင် ၆ သောင်းကျော်အထိ ရှိလာနေသည်။  

#D008 #DMG 

ဗီဒီယိုများ