ကျောက်တော်ဒေသခံသုံးဦးကို အပြီးသတ်အမိန့်မချဘဲ ရုံးချိန်းထပ်မံရွေ့ဆိုင်း 

၎င်းတို့သုံးဦးကို အပြီးသတ်အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်ထားသော်လည်း “အမိန့်စာရေး၍မပြီးသေး” ဆိုသည့် အကြောင်းပြချက်ဖြင့် ဧပြီလ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။ 

By Admin 28 Mar 2023

တရားရင်ဆိုင်နေရသူ ကိုဇော်ဝင်း(ဝဲ) နှင့် ကိုဇော်မင်းထက်(ယာ)
တရားရင်ဆိုင်နေရသူ ကိုဇော်ဝင်း(ဝဲ) နှင့် ကိုဇော်မင်းထက်(ယာ)

DMG ၊ မတ်လ ၂၈ 

နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်တော်မြို့မှ ကိုဇော်ဝင်းအပါအဝင် ဒေသခံသုံးဦးအမှုတွင် သက်သေအားလုံး စစ်ဆေးပြီးဖြစ်သော်လည်း ယနေ့ မတ်လ ၂၈ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်မချဘဲ ရုံးချိန်း ထပ်မံရွေ့ဆိုင်းလိုက်သည်။ 

၎င်းတို့သုံးဦးကို အပြီးသတ်အမိန့်ချမှတ်ရန် ယနေ့ရုံးချိန်ထားသော်လည်း “အမိန့်စာရေး၍မပြီးသေး” ဆိုသည့် အကြောင်းပြချက်ဖြင့် ဧပြီလ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေက ပြောသည်။ 

“တရားသူကြီးက အမိန့်စာရေးလို့ မပြီးသေးတာကြောင့် လေးလပိုင်း၊ ငါးရက်နေ့ကို ရုံးထပ်ချိန်းလိုက်ပါတယ်” ဟု ရှေ့နေက ပြောဆိုသည်။

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ကိုဇော်ဝင်း(ခ) လူထုဇော်ဝင်း၊ ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မင်းထက်နှင့် ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်တို့ ပြန်လည်လွတ်မြောက်လာမည့် မျှော်လင့်ချက်နှင့် ယနေ့ရုံးချိန်းသို့ မိသားစုဝင်များအားလုံး လာရောက်ခဲ့ကြသည်။ 

“နစ်နာတာတွေ၊ ဆုံးရှုံးတာတွေ၊ စိတ်ပင်ပန်းဟာတွေကို အကုန်လုံးခြုံလိုက်မယ်ဆိုရင် ပြောစရာစကားတောင် မရှိတော့ဘူး။ ကျနော်တို့မှာ ဒီအပတ်လွတ်လာမလား ဆိုပြီး အားရဝမ်းသာနေတာ။  အခု စိတ်ညစ်ညစ်နဲ့ အိမ်ပြန်ရတယ်။ အမှုလည်း ၉ လကျော်နေပြီ။ အရမ်းစိတ်ပင်ပန်းရတယ်” ဟု တရားရင်ဆိုင်နေရသူ ကိုဇော်မင်းထက်၏ ဖခင် ဦးစံလှကျော်က ပြောသည်။ 

ကိုဇော်ဝင်းအပါအဝင် ကျောက်တော်ဒေသခံသုံးဦးကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅(က)ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်မှာ ၉ လခန့် ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ 

လက်ရှိမှာ အမိန့်ချမှတ်မည့်အချိန်သို့ ရောက်နေပြီဖြစ်သော်လည်း အမိန့်မချဘဲ အမှုကြန့်ကြာအောင် ဆွဲဆန့်နေခြင်းမှာ မိသားစုဝင်များအတွက် နစ်နာမှုရှိပြီး စွပ်စွဲခံထားရသူများအတွက်ပါ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုများရှိနေသည်။ 

“အချိန်ဆွဲတယ်။ လုပ်မယ့်ဟာကို အရင်မလုပ်တော့ ကာယကံရှင်မှာ နစ်နာတယ်။ ဥပဒေကိုခုတုံးလုပ်ပြီး ငယ်သူကို အနိုင်ကျင့်တယ်လို့ပဲ ပြောချင်တယ်” ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။  

ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း “ပြစ်မှုဆိုင်ရာဥပဒေနဲ့ ငြိစွန်းတယ်၊ အမှုပေါ်ပေါက်တယ် ဆိုရင် မြန်မြန်ဆန်ဆန် အမိန့်ချသင့်တယ်။ သူတို့မိသားစုလည်း စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်တွေထိခိုက်တယ်။ အချုပ်ခန်းထဲနေရတဲ့လူလည်း စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်တွေ ထိခိုက်တယ်။ တကယ်လို့ အမှုမပေါ်ပေါက်ဆိုရင် အပြီးသတ်လွှတ်ပေးဖို့ ကျနော်တို့အနေနဲ့ လိုချင်တယ်” ဟု  ပြောသည်။ 

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တကျော့ပြန်တိုက်ပွဲကာလအတွင်း သံသယဖြင့် ဖမ်းဆီးခံရသူ အများအပြားရှိခဲ့သည်။ 

DMG မှ ကောက်ယူထားသည့် စာရင်းအရ တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) (၂)၊ နိုင်ငံတော်ဆူမှုလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ခန့်ရှိသည်။ 

#I001

ဗီဒီယိုများ