အမ်းတွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကျ၍ ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ 

ကဇူးကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသွားခြင်းဟု ဒေသခံများက ပြောသည်။  

By Admin 15 Nov 2023

ဓာတ်ပုံ - ဒါးလက်ချောင်းဒေသသတင်းစုံ (Facebook Page)
ဓာတ်ပုံ - ဒါးလက်ချောင်းဒေသသတင်းစုံ (Facebook Page)

DMG ၊ နိုဝင်ဘာ ၁၅

ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇူးကိုင်းအုပ်စုနှင့် ဒါးလက်ချောင်းအုပ်စု ကျေးရွာများတွင် နိုဝင်ဘာလ ၁၄ ရက် ညအချိန်က လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ 

သေဆုံးသူမှာ ကဇူးကိုင်းအုပ်စု၊ သက်ကံထောင့်ကျေးရွာမှ ဦးဦးစောရွှေ(၇၅)နှစ်ပြီး ဒဏ်ရာရရှိသူများမှာ ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦး၊ ဖခင်ဖြစ်သူ ဦမွှေးမွှေး၊ မိခင်ဖြစ်သူ ဒေါ်ဝေဝေကျော်နှင့် ကိုနိုင်နိုင်ကျော်အပြင် နောက်ထပ် ဒေသခံနှစ်ဦးဖြစ်သည်။  

ကဇူးကိုင်းအုပ်စုရှိ တောဟိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခမရ ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရရှိသွားခြင်းဟု ဒေသခံများက ပြောသည်။  

“သူတို့က အိမ်မှာအိပ်နေကြတာ။ ဒီဖက်မှာက တိုက်ပွဲဖြစ်တာလည်း မဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)က လက်နက်ကြီးတွေက တစ်ညလုံးပစ်တယ်” ဟု ဒါးလက်ချောင်းအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။  

ဒဏ်ရာရရှိသူများကို ဒါးလက်ချောင်းအုပ်စုအတွင်းရှိ အနောက်ကျေးရွာဆေးခန်းသို့ ပို့ဆောင်ထားပြီး ယင်းထဲမှ ကိုနိုင်နိုင်ကျော်နှင့် ဦးမွှေးမွှေး တို့နှစ်ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း သိရသည်။

အမ်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက နိုဝင်ဘာလ ၁၄ ရက် ညနေ ၅ နာရီအချိန်မှ နိုဝင်ဘာလ ၁၅ ရက် နံနက် ၂ အထိ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။  

ဒါးလက်ချောင်းအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား စစ်ရေးတင်းမာနေ၍ ဒေသခံများအား ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် နှစ်ဖက်တပ်က ပြောဆိုထားသဖြင့် အလယ်ကျွန်းကျေးရွာသားများမှာ နီးစပ်ရာကျေးရွာများသို့ ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း သိရသည်။  

“အခု နှစ်ဖက်စလုံးက ရွာသားတွေကို ရွာကနေ တိမ်းရှောင်သွားဖို့အတွက် ပြောလာတာရှိတဲ့အတွက် ရွာသားတွေ အကုန်လုံး ထွက်ပြေးနေရတယ်” ဟု အလယ်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။  

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲပြန်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွားသည့် ၂ ရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးပြီးဒဏ်ရာရရှိ သူ ၃၀ ကျော်ထက်မနည်း ရှိသည်။  

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲ့များအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်မထားကြရန်အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တောင်းဆိုထားသည်။ 

#D002 #D011 #DMG

ဗီဒီယိုများ