AA နှင့် ဆက်စပ်သူများကို ဖော်ထုတ်ဖမ်းဆီးနေသည်ဟု ပြည်နယ်စစ်ကောင်စီ ခြိမ်းခြောက်

“တိုက်ပွဲဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည့် AA အဖွဲ့၏ အမာခံများ၊ ကူညီထောက်ပံ့နေသူများနှင့် AA အားကိုးဖြင့် မတရားအနိုင်ကျင့်သူများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိ၍ သတင်းများပေးပို့ကြရန်” ရခိုင်နေ့စဉ်တွင် ဖော်ပြသည်။ 

By Admin 16 Nov 2023

စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
စစ်တွေမြို့တွင် စစ်ကောင်စီတပ်သားများက ဒေသခံများအား လိုက်လံဖမ်းဆီးနေသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ နိုဝင်ဘာ ၁၄ 

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ရက္ခိုင့်တပ်တော်(AA) နှင့် ဆက်စပ်သူများအား ဖော်ထုတ်ဖမ်းဆီးလျက် ရှိကြောင်း ပြည်နယ်စစ်ကောင်စီပိုင် ‘ရခိုင်နေ့စဉ်’ လူမှုကွန်ယက်မှတဆင့် ခြိမ်းခြောက်လာသည်။

“တိုက်ပွဲဖြစ်ပွားစေရန် ဆောင်ရွက်ခဲ့သည့် AA အဖွဲ့၏ အမာခံများ၊ ကူညီထောက်ပံ့နေသူများနှင့် AA အားကိုးဖြင့် မတရားအနိုင်ကျင့်သူများအား ဖော်ထုတ်ဖမ်းဆီးလျက်ရှိ၍ သတင်းများပေးပို့ကြရန်” ရခိုင်နေ့စဉ်တွင် ဖော်ပြသည်။ 

စစ်ကောင်စီသည် ရခိုင်စစ်ပွဲစတင်ခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ဒေသခံ ၄၆ ဦးကို ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး ကျန်ဒေသခံများကိုလည်း ဆက်လက်ဖမ်းဆီးရန် ကြိုးပမ်းနေကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့( AA၊TNLA၊ MNDAA ) က ထုတ်ပြန်ထားသည်။ 

နိုဝင်ဘာလ ၁၃ ရက်နေ့ ညအချိန်က စစ်တွေမြို့ ဒေသခံအချို့ကို အရပ်ဝတ် စစ်ကောင်စီတပ်သားများက သေနတ်ပစ်ဖောက်ပြီး အကြမ်းဖက်နည်းဖြင့် လာရောက်ဖမ်းဆီးခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“အိမ်ကို ညအချိန်လောက်မှာ အရပ်ဝတ်နဲ့ သေနတ်တွေနဲ့ လူအုပ်စုလာတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း ပါမလာဘူး။ ခြံထဲကို မဝင်ခင် ခြံဝကနေပြီး သေနတ်နှစ်ချက်ပစ်ဖောက်တယ်။ ပြီးတော့ အိမ်ထဲကိုဝင်ပြီး ကျနော့်ကို ရှာတယ်။ ကျနော့်ကိုမတွေ့တော့ ကျနော့်သမက်ကို ဖမ်းသွားတယ်” ဟု စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်နေ ဦးအောင်သန်းဝေက ပြောသည်။ 

ဦးအောင်သန်းဝေ၏ သမက်ဖြစ်သူ ကိုလင်းလင်းမှာ သုံးဘီးဆိုင်ကယ်မောင်းပြီး လုပ်ကိုင်စားသောက်နေသူ ဖြစ်ကြောင်း မိသားစုဝင်များ ပြောပြချက်အရ သိရသည်။ 

အလားတူ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် မြို့ခံ ၄ ဦးကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးသွားခဲ့ပြီး တောင်ကုတ်မြို့ခံ ၁၁ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“အဖေအိမ်မှာရှိနေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ဖမ်းသွားတာ။ ဘာကြောင့်ဖမ်းသွားမှန်း မသိဘူး။ လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားမှန်းလည်း မသိဘူး။ အဆက်အသွယ်လည်း မရဘူး” ဟု ကျောက်ဖြူမြို့မှ ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ 

ဖမ်းဆီးခံထားရသူအများအပြားမှာ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တစ်စုံတစ်ရာ ဆက်စပ်မှု မရှိကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။ 

ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တကျော့ပြန်စစ်ပွဲ ကာလကလည်း ရခိုင်ဒေသခံ ၂၀၀ ကျော်ကို AA နှင့် ဆက်စပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုမှုများ ရှိခဲ့သည်။

“ရခိုင်ပြည်သူက ရခိုင်အဖွဲ့အစည်းကို ထောက်ခံတာ အပြစ်မဟုတ်ဘူး။ ပြည်သူတွေက သူတို့ဘက်က မရှိတာနဲ့ပဲ AA ကို ထောက်ခံတယ်ဆိုပြီး ဖမ်းဆီးတာက အမုန်းတရားကို ပိုဖြစ်စေတယ်” ဟု ရသေ့တောင် ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိ စစ်ကောင်စီနှင့် AA တို့သည် မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ မင်းပြား၊ ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ 

တကျော့ပြန်ရခိုင်စစ်ပွဲတွင် AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အထိနာနေရသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့အခြေပြုစခန်းများမှ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်နေပြီး အပြစ်မဲ့အရပ်သားများ ထိခိုက်၊ သေဆုံးမှုများ ရှိနေသည်။ 

#D004 #DMG 

ဗီဒီယိုများ