ရခိုင်က စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု သိသိသာသာလျော့ကျလာ

စစ်ဘေးရှောင်များကို ပြည်တွင်းအဖွဲ့များအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများ နည်းပါးလာနေသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

By Admin 29 Sep 2023

မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ်။
မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ လကုန်ပိုင်းက တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၂၉

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များကို ပြည်တွင်းအဖွဲ့အစည်းများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပေးအပ်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများ နည်းပါးလာနေသည်ဟု စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများက ပြောသည်။

ယခင်က စစ်ဘေးရှောင်စခန်းများတွင် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ဖျာ၊ စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ယင်လုံအိမ်သာများ ထောက်ပံ့ပေးမှုရှိခဲ့သော်လည်း အကူအညီမရရှိသည်မှာ တစ်နှစ်ခန့်ကြာမြင့်လာပြီဟု ဆိုကြသည်။

“အခုက စားနပ်ရိက္ခာအတွက် WFP က လူတစ်ဦးစီကို ငွေသုံးသောင်း ထောက်ပံ့တာပဲ ရှိတော့တယ်။ ကျန်တာ ဘာမှမရတော့ဘူး။ ဒါကို အမျိုးအမည်အားဖြင့် တွက်ချက်ကြည့်ရင် ၇၅ ရာခိုင်နှုန်းလောက် လျော့ချခံလိုက်ရတယ်” ဟု မြောက်ဦးမြို့၊ မြတန်ဆောင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဆရာတော် အရှင်နန္ဒသာရက မိန့်သည်။

အခြေခံ စားသောက်ကုန်ဈေးနှုန်များ မြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် အခက်ကြုံနေကြရသည့် စစ်ဘေးရှောင်များမှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တစ်ခုတည်းက ထောက်ပံ့သည့်ငွေဖြင့် စားဝတ်နေရေးကိုဖြေရှင်းရန် လုံလောက်မှုမရှိကြောင်း ပြောသည်။

မြောက်ဦးမြို့၊ မြို့ဦးဂေါင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်ဦးတင်မြက “အဖွဲ့တွေအများကြီး လာမလှူတာ ၉ လလောက်ရှိပြီ။ WFP တစ်ဖွဲ့တည်းကပဲ ငွေလှူတာရှိတယ်။ အဝတ်တွေ၊ စောင်တွေ ဘာတစ်ခုမှမရတော့ဘူး။ အဲဒါကြောင့် အရမ်းအကျပ်အတည်း ဖြစ်သွားတယ်။ ဆီ၊ ဆား၊ ငရုပ်၊ ဆပ်ပြာကအစ ထောက်ပံ့တာမရှိတော့ ဘယ်လိုမှ နေထိုင်စားသောက်ရတာ အဆင်မပြေဘူး” ဟု ပြောသည်။

ကူညီထောက်ပံ့မှုနည်းပါးသွား၍ စားဝတ်နေရေးမဖူလုံသည့်အတွက် တောတောင်များသို့ ဟင်းခူးငါးရှာထွက်ခြင်း၊ ပန်းရံလုပ်ခြင်း စသည့် ကြုံရာကျပန်းလုပ်ကိုင်ကာ ဝင်ငွေရှာနေကြရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရသေ့တောင်မြို့၊ စေတီတောင်စစ်ဘေးရှောင်စခန်းမှ မမေစုလှိုင်က “စစ်ပွဲတွေမဖြစ်တော့ဘူးဆိုပြီး သူတို့က နေရပ်ကို သွားစေချင်တာကြောင့် အခုလို ကူညီထောက်ပံ့မှုတွေ နည်းလာတာလို့ထင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုနည်းပါးသွားခြင်းမှာ စစ်ကောင်စီက ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို ခရီးသွားလာခွင့်ကန့်သတ်ချက်များကြောင့်ဟုလည်း ရှုမြင်ကြသည်။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် စစ်ဘေးရှောင်များတိုးလာသည့်အတွက် ရခိုင်ဒေသက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့မှု လျော့နည်းသွားခြင်းဖြစ်ကြောင်းလည်း ပြောဆိုကြသည်။

“နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ အများကြီးနည်းသွားတယ်။ စစ်ကောင်စီက ခရီးသွားလာခွင့်ကို ကန့်သတ်ထားတာနဲ့လည်း ဆိုင်တယ်။ အဲဒါကို စစ်ကောင်စီအနေနဲ့ လမ်းခရီးတွေကို ပုံမှန်သွားလာခွင့်ပေးစေချင်တယ်” ဟု မြောက်ဦးမြို့၊ မြို့သစ်စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်မြင့်သိန်းက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ပြန်တိုက်ပွဲများမှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် လူသားချင်းစာနာထောက်ထားမှုကို အခြေခံပြီး နှစ်ဖက်နားလည်မှုဖြင့် အပစ်ရပ်စဲခဲ့ကြသည်။ လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ရခိုင်နှင့် ပလက်ဝမြို့နယ်တို့မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးသည်။

#R005

ဗီဒီယိုများ