ရခိုင်တိုက်ပွဲ စတင်ပြီးနောက် အရပ်သား ၅၀ ကျော် ထိခိုက်သေဆုံး 

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှု သုံးရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၅၂ ဦးထက်မနည်း ရှိလာသည်။ 

By Admin 16 Nov 2023

နိုဝင်ဘာလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦး။ ဓာတ်ပုံ - CJ
နိုဝင်ဘာလ ၁၄ ရက်နေ့က အမ်းမြို့နယ်၊ အလယ်ကျွန်းကျေးရွာတွင် လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသူတစ်ဦး။ ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၁၅

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှု သုံးရက်တာအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၅၂ ဦးထက်မနည်း ရှိလာသည်။ 

သေဆုံးသူများမှာ မင်းပြားမြို့နယ်မှ ၄ ဦး၊ ကျောက်တော်မြို့နယ်မှ ၂ ဦး၊ မြောက်ဦးမြို့နယ်မှ ၂ ဦးနှင့် အမ်းမြို့နယ်မှ ၁ ဦး - စုစုပေါင်း ၉ ဦးဖြစ်သည်။ 

ဒဏ်ရာရရှိသူများမှာ မင်းပြားမြို့နယ်မှ ၁၂ ဦး၊ အမ်းမြို့နယ်မှ ၆ ဦး၊ မြောက်ဦးမြို့နယ်မှ ၃ ဦး၊ ကျောက်တော်မြို့နယ်မှ ၉ ဦး၊ မောင်တောမြို့နယ်မှ ၁ ဦးနှင့် မြေပုံမြို့နယ်မှ ၃ ဦး စုစုပေါင်း ၃၄ ဦးဖြစ်သည်။   

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိသွားပြီး ထိုထက်လည်းများနိုင်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

“တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် လက်နက်ကြီးပစ်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်။ စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း နှိုးဆော်ပေးသင့်တယ်” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်နေကြသော လက်နက်ကိုင်အဖွဲများအနေဖြင့် အရပ်သားပြည်သူများကို ပစ်မှတ်မထားကြရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က တောင်းဆိုထားသည်။ 

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက “လက်နက်ကြီးပစ်တာကြောင့် ကိုယ့်အလုပ်ကိုယ်လုပ်ဖို့မရဘူး။ ကြောက်ရွံတာကြောင့် အိပ်မရ၊ စားမရဘူး။ စစ်ပွဲဖြစ်ရင်လည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်တာတွေကို မပြုလုပ်စေချင်ဘူး” ဟု ပြောသည်။  

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများကို မထိခိုက်စေရန်၊ ဘာသာရေးအဆောက်အအုံများ၊ ရပ်ရွာများကို အကာကွယ်ပေးရန်၊ စစ်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သားများကို ဖမ်းဆီးခြင်းမပြုရန်နှင့် အရပ်သားများကို ဘေးကင်းလုံခြုံခွင့်ပေးသင့်ကြောင်း ပြဌာန်းထားသည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲဖြစ်ပွားနေကြသော နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ပွဲနှင့်ပတ်သက်၍ အရပ်ပြည်သူများကို ကာကွယ်ပေးရမည်ဆိုသည့် ဥပဒေပါအချက်များကို လိုက်နာသင့်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းထားကြသည်။  

“ပြည်သူလူထုမှာ မိုခါမုန်တိုင်းကြောင့်တစ်မျိုး၊ စစ်ရေးကြောင်းတစ်မျိုး နစ်နာမှုတွေ များနေပြီ။ ဒါကြောင့် တိုက်ပွဲဖော်မယ်ဆိုရင်လည်း ပြည်သူတွေ ထိခိုက်မှုမရှိအောင် အသိပေးထားတွေ လုပ်သင့်တယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။  

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်တိုးလာနေသည်။ 

#D011 #DMG 

ဗီဒီယိုများ