ကျောက်ဖြူဒေသခံ ၂၃ ဦး ဖမ်းဆီးခံထားရမှု လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထား 

“ကျမတို့မှာ လင်မယားနှစ်ယောက်တည်း ရှိတာ။ သူဖမ်းဆီးခံရတုန်းက ကျမမှာ ကိုယ်ဝန် ၆ လရှိတယ်။ စိတ်ဆင်းရဲမှုဒဏ်တွေကြောင့် ကိုယ်ဝန်လည်း ပျက်ကျသွားခဲ့ရတယ်"

By Admin 10 Mar 2023

ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်တရားရုံး (Facebook)
ဓာတ်ပုံ - ကျောက်ဖြူမြို့နယ်တရားရုံး (Facebook)

DMG ၊ မတ် ၁၀

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်က ဒေသခံ ၂၃ ဦး အပြစ်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရမှုနှင့်ပတ်သက်၍ ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားကြောင်း သိရသည်။ 

၎င်းတို့ကို AA နှင့်ဆက်စပ်သည်ဆိုကာ မတရားဖမ်းဆီးချုပ်နှောင်ထားသဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ပေးရန် ယခုလ ပထမအပတ်အတွင်းက လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားသည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။ 

“သူတို့(ဖမ်းဆီးခံရသူ)နဲ့ ပတ်သက်ပြီးတော့ မိသားစုထွက်ဆိုချက်အရ ကျနော်တို့ လူ့အခွင့်အရေးအဖွဲ့ကနေ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တင်ပြထားပါတယ်။ အဲဒီကနေတဆင့် စုံစမ်းစစ်ဆေးပြီးမှ အပြစ်ရှိလား/မရှိလား၊ အပြစ်မရှိဘူးဆိုရင် ပြန်လွတ်လာမယ်။ တကယ်လို့ အပြစ်မရှိဘူးဆိုရင် ဖမ်းဆီးတရားလိုလုပ်သူတွေကို ဘယ်လိုမျိုး အရေးယူမလဲဆိုတာတော့ ကျနော်တို့ တိတိကျကျ မသိဘူး” ဟု ဦးမြတ်ထွန်းက ပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ဦးမောင်တင်ထွန်း၊ ဦးမြကျော်ထွန်း၊ ဦးခင်အောင်ထွန်း၊ ဦးဇော်မျိုးထွန်း၊ ဦးဝင်းမောင်၊ မောင်ထွန်းနိုင်၊ မောင်ရာဇာချစ်၊ မောင်တင်ရွှေ၊ ရန်နိုင်မင်း (ခ) ကိုသောက်ဆန်း၊ ဦးသန်းမောင်၊ ကိုဇော်လင်း၊ ဦးစိုးမျိုးသူ၊ ကိုအောင်ဝင်းနိုင်၊ ဦးဝင်းအောင်(ခ)ကျော်ဝင်းအောင်၊ မောင်စိုးဝင်းနိုင်၊ ဦးတင်ညွှန့်နိုင် အပါအဝင် ၂၃ ဦးဖြစ်သည်။ 

အစိုးရဝန်ထမ်းများ၊ ရေလုပ်သားများနှင့် လက်လုပ်လက်စားများပါဝင်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲကာလအတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။ 

ကျောက်ဖြူဒေသခံ ၂၃ ဦး တရားစွဲဆိုခံထားရသည်မှာ ၆ လကျော်အထိ ကြာမြင့်လာပြီဖြစ်သော်လည်း တရားလို မရောက်ရှိ ဟုဆိုကာ စစ်ဆေးမှုများမရှိသေးဘဲ ရုံးချိန်းရွေ့ဆိုင်းနေသည်မှာ အကြိမ် ၂၀ ခန့်ရှိနေပြီဖြစ်သည်။ 

မတ်လ ၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တရားရုံး၌ ရုံးချိန်းခဲ့သော်လည်း တရားလို ရောက်မလာသည့်အတွက် လာမည့် မတ် ၁၆ ရက်နေ့ကို ပြန်လည်ချိန်းဆိုလိုက်သည်ဟု တရားရင်ဆိုင်နေရသူ ကုလဘာကျေးရွာမှ ဦးတင်ညွှန့် မိသားစုဝင်တစ်ဦးက ပြောသည်။ 

“စကားပြောခွင့်တောင် မရလိုက်ပါဘူး။ ရုံးချိန်း တစ်ပတ်တစ်ကြိမ်သွားနေရတော့ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ပေးပါ။ အခုက အချိန်တွေ အများကြီး ကုန်နေတယ်” ဟု ၎င်းကပြောသည်။ ဦးတင်ညွှန့်မှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံရခြင်းဖြစ်ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။ 

ကျောက်ဖြူမြို့၊ ပိုက်ဆိပ်ရပ်ကွက်မှ ဦးစိုးဝင်းနိုင်မှာလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း နေအိမ်တွင်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကာ ပုဒ်မ ၅၀၅(က) ပုဒ်ဖြင့် တရားစွဲဆိုခံထားရသည်။ 

ဦးစိုးဝင်းနိုင်၏ဇနီး ဒေါ်နီလာမိုးက “ကျမတို့မှာ လင်မယားနှစ်ယောက်တည်း ရှိတာ။ သူဖမ်းဆီးခံရတုန်းက ကျမမှာ ကိုယ်ဝန် ၆ လရှိတယ်။ စိတ်ဆင်းရဲမှုဒဏ်တွေကြောင့် ကိုယ်ဝန်လည်း ပျက်ကျသွားခဲ့ရတယ်။ အဲဒီထက်ဆုံးရှုံးတာ ဘာမှမရှိတော့ဘူး။ အခုလည်း သူပြန်မလွတ်လာသရွေ့တော့ ကျမတစ်ယောက်တည်း ရုန်းကန်နေရအုံးမှာပါ” ဟု ပြောသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တကျော့ပြန်တိုက်ပွဲအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ စုစုပေါင်း ၅၀ ခန့်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ- ၁၇ (၁) (၂)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၅၀၅ (က) (ခ) စသည့် နိုင်ငံရေးပုဒ်မများဖြင့် စစ်ကောင်စီတပ်မှ တရားစွဲဆိုထားသည်။ 

အိမ်ထောင်ဦးစီးဖြစ်သော လင်ယောက်ျားများ ဖမ်းဆီးခံထားရသည့်အတွက် ကျန်ရစ်သူ ဇနီး၊ မိသားစုဝင်များမှာ စားဝတ်နေရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သားသမီးပညာရေးကအစ အဘက်ဘက်မှာ ဆုံးရှုံးနစ်နာမှုများ ရှိနေကြသည်။ 

တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူများကို အပစ်ရပ်ကာလတွင် ပြန်လွတ်ပေးရန်အတွက် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ကတိကဝတ်များရှိခဲ့သော်လည်း မြန်မာစစ်တပ်အနေဖြင့် အကောင်အထည်ဖော်မှုအပိုင်းမှာ အားနည်းနေသည်ဟု AA က ပြောဆိုထားသည်။ 

#R010

ဗီဒီယိုများ