ကပ်ဘေးကာလတွင် ကမ္ဘာလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံအနေဖြင့် လေးစားလိုက်နာစေရေး လုပ်ဆောင်ပေးရန် ကုလလူ့အခွင့်အရေးကောင်စီသို့ တိုက်တွန်း

ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားဒေသများတွင် ပြင်းထန်စွာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်း(၄၃၁)ဖွဲ့မှ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီသို့ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

By ဉာဏ်ဟိန်း 22 Sep 2020

စက်တင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရှိ ညောင်ကန်ကျေးရွာအတွင်းသို့ တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကလေးငယ်များအား သယ်ဆောင်လာသည်ကို တွေ့ရစဉ်။

ဉာဏ်ဟိန်း | DMG
စက်တင်ဘာ ၂၂ ၊ စစ်တွေ

ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ တိုင်းရင်းသားဒေသများတွင် ပြင်းထန်စွာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအရပ်ဘက်လူထုအဖွဲ့အစည်း(၄၃၁)ဖွဲ့မှ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီသို့ အိတ်ဖွင့်စာပေးပို့ခဲ့သည်။

အပြည်ပြည်ဆိုင်ငြိမ်းချမ်းရေးနေ့ဖြစ်သည့် စက်တင်ဘာ ၂၁ ရက်နေ့က ယင်းအိတ်ဖွင့်စာကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres မှ တောင်းဆိုထားသည့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံအနေဖြင့် လေးစားလိုက်နာ စေရေးလုပ်ဆောင်ပေးရန်အတွက် လူ့အခွင့်အရေးကောင်စီအား တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြသည်။

မြန်မာအာဏာပိုင်များက ကိုဗစ်-၁၉ ကို အကာအကွယ်ယူကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများပြင်းထန်လာခြင်းနှင့်အတူ အပြစ်မဲ့ ပြည်သူများ မတရားဖမ်းဆီးနှိပ်စက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်း၊ ဥပဒေမဲ့သတ်ဖြတ်ခံရခြင်းတို့အတွက် အထူးပင် စိုးရိမ်ပူပန်မိကြောင်းလည်း အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

“တိုက်ပွဲတွေရပ်တန့်ပေးဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုလာတာတွေများလာပြီ။ ဒါပေမဲ့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်က ဒါတွေကိုလျစ်လျူရှုပြီးတော့မှ စဉ်ဆက်မပြတ် ချိုးဖောက်နေတာကို တွေ့ရတယ်။ အဲဒါကြောင့် အိတ်ဖွင့်စာပေးပို့ရခြင်းဖြစ်တယ်” ဟု အိတ်ဖွင့်စာပေးပို့ရာတွင်ပါဝင်သည့် ရခိုင် ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)မှ အတွင်းရေးမှူး ကိုတိန်းဦးက DMG သို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၀ ပြည်နှစ် စက်တင်ဘာ ၁၀ ရက်အထိ လက်နက်ကိုင်ပဋိပက္ခများအတွင်း အရပ်သားသေဆုံးသူ စုစုပေါင်းဦးရေ(၄၃၂)ဦးနှင့် ထိခိုက်ဒဏ်ရာ ရရှိသူ (၇၇၅)ဦးခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း အရပ်သားသေဆုံးသူ (၂၉၅)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၆၇၄)ဦး ပါဝင်ကြောင်း သုတေသနနှင့် စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်သော မြန်မာ့အရေးလေ့လာသူများအဖွဲ့(BM)၏ မှတ်တမ်းအရသိရသည်။

ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ကြာမြင့် လာပြီဖြစ်သည့်အတွက် ပြည်သူများသည် ကိုဗစ်-၁၉ နှင့် စစ်ပွဲဆိုင်ရာသတင်းအချက်အလက်များကို လက်လှမ်းမမီနိုင်ဘဲ စိုးရိမ်ဖွယ်ကောင်းသော အခြေအနေဖြစ်နေကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

“အစိုးရအနေနဲ့ အခုလိုလုပ်ဆောင်နေမှုတွေဟာ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်နေရုံသာမက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုများမြောက်နိုင်တယ်။ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာပြည်သူလူထုနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျက်ကွယ်မှာ မြန်မာစစ်တပ်ကကျူးလွန်နိုင်စေရန် လမ်းဖွင့်ပေးထားတာနဲ့အတူတူဖြစ်နေတယ်” ဟု အိတ်ဖွင့်ပေးစာက ဆိုထားသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝဒေသတို့၌ အင်တာနက်ဖွင့်ပေးရေး၊ စစ်ပွဲဆန့်ကျင်းရေး စသည်ဖြင့် စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကျောင်းသား(၃)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဥပဒေနှင့် ဖမ်းဆီးထားသည်။

အလားတူ စက်တင်ဘာ ၁၀ ရက်နေ့က မန္တလေးမြို့တွင် စစ်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်ခဲ့သော ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသား(၁၃)ဦးနှင့် စက်တင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့၌စစ်ပွဲဆန့်ကျင်ရေး စတစ်ကာ ကမ်ပိန်းပြုလုပ်ခဲ့သော ဗကသများအဖွဲ့ချုပ်မှ ကိုဝေယံဖြိုးနှင့် ကိုပိုင်မင်းခန့်တို့ကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

“အဲဒီချိုးဖောက်နေတဲ့နေရာတွေမှာ ပြည်သူ့တွေသေနေတယ်၊ ကိုဗစ်ကာလမှာ ပြည်သူ့တွေ ထွက်ပြေး ရတာတွေရှိတယ်။ နေရပ်စွန့်ခွာတာ၊ သေတာတွေ၊ ဒဏ်ရာရလာတာတွေများလာတယ်။ အဲလိုများလာတာ တွေကို ကျောင်းသား၊လူငယ်တွေက ဆန္ဒဖော်ထုတ်တယ်၊ ထုတ်ပြတယ်၊ ရပ်တန့်ပေးဖို့အတွက် တောင်းဆိုတယ်။ အဲဒီတောင်းဆိုတာတွေကိုတောင် သူတို့ကဖမ်းတယ်။ ဖမ်းဆီးပြီးတော့ ပုဒ်မတွေအမျိုးမျိုး တပ်တယ်။ ဘာမှမဆိုင်တဲ့ပုဒ်မတွေလဲတပ်တယ်” ဟု ကိုတိန်ဦးက ဆိုသည်။

နိုင်ငံတကာရာဇဝတ်မှုများမြောက်သည့် မြန်မာစစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှုများအတွက် တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖော်ဆောင်နိုင်ရေး၊ လိုအပ်သည့်အရေးယူမှုများလုပ်ဆောင်ရန်နှင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှ မြန်မာနိုင်ငံအခြေအနေအား နိုင်ငံတကာရာဇဝတ်တရားရုံးသို့ လွဲပြောင်းနိုင်ရေးတို့ကိုလုပ်ဆောင်ရန် အရပ်ဘက်လူထုအဖွဲ့အစည်း ၄၀၀ ကျော်၏ အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

ဗီဒီယိုများ