- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
သံတွဲရှိ စစ်ကောင်စီအမြောက်များကို တောင်ကုတ်သို့ ရွှေ့ပြောင်းနေ
တောင်ကုတ်မြို့နယ်တွင် ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ခြင်း၊ လူနှင့် လက်နက်အင်အား ဖြည့်တင်းခြင်း စသည့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်။
13 Jun 2024

DMG ၊ ဇွန် ၁၃
စစ်ရေးပြင်းထန်သော ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် အထိုင်ချထားသည့် အမြောက်များကို စစ်ကောင်စီက တောင်ကုတ်မြို့သို့ ရွှေ့ပြောင်းနေကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။
သံတွဲမြို့နယ်တွင် ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် အမတ (၃၇၅)၊ အမတ (၃၄၆) အမြောက်တပ်ရင်း တို့ တည်ရှိသည်။ သံတွဲမြို့၊ ဝန်ထမ်းအိမ်ရာအနီး ဘားဒေါင်းတောင်တွင် အထိုင်ချထားသည့် အမြောက်များကို တောင်ကုတ်မြို့၊ ဝန်ထမ်းအိမ်ရာသို့ ဇွန်လ ၁၂ ရက်တွင် စစ်ကောင်စီက ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်။
“တောင်ကုတ်က စစ်ကောင်စီတပ်စခန်းတွေကို အေအေက ထိုးစစ်ဆင်တော့မယ်ဆိုပြီး သတင်းတွေထွက်နေတာ ရှိတယ်။ ဒါကြောင့် စစ်ကောင်စီက တောင်ကုတ်ဘက်ကို စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာ။ တောင်ကုတ်မှာက အမြောက်အထိုင်စခန်း သီးသန့်မရှိဘူး။ တပ်ရင်းတွေကနေ လက်နက်ကြီးလှမ်းပစ်တာလောက်ပဲ ရှိတာ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တောင်ကုတ်မြို့နယ်တွင် ဇွန်လအစောပိုင်းမှစ၍ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ခြင်း၊ လူနှင့် လက်နက်အင်အား ဖြည့်တင်းခြင်း စသည့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေသည်။
စစ်အင်အားဖြည့်တင်းသည့်ထဲ စစ်သင်တန်းဆင်းမွတ်ဆလင် လူရာနှင့်ချီပါဝင်ပြီး ၎င်းတို့အား တောင်ကုတ်ရှိ စစ်ကောင်စီ တပ်ရင်းများထဲတွင် မြင်တွေ့ရကြောင်း တောင်ကုတ်ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန်လ ၁၂ ရက်က မြို့ပေါ်တပ်စခန်းများနှင့် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်အနီးရှိ နေဗီက လက်နက်ကြီးပစ်မှုများရှိ၍ ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြသည်။
“လူတွေအကုန် ကြောက်လန့်နေကြပြီ။ တချို့ဒေသခံတွေဆိုရင် ထွက်ပြေးနေကြတာရှိတယ်။ သံတွဲဘက်လည်း တိုက်ပွဲပြင်းနေတော့ တောင်ကုတ်တိုက်ပွဲလည်း သိပ်မကြာတော့ဘူးထင်တယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီအင်အားဖြည့်တင်းမှုနှင့်အတူ လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်လာသဖြင့် တောင်ကုတ်မြို့ပေါ် နေသူများအပါဝင် ရန်ခေါ်၊ ဖုံညို၊ တရဂူ ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။