ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးမှာ ယနေ့(နိုဝင်ဘာလ ၆ ရက်) ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ ကမ်းနားလမ်း၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
06 Nov 2022

Photo - ရွှေရောင်မေတ္တာဖောင်ဒေးရှင်း လူမှုကူညီရေးအသင်း
DMG ၊ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးမှာ ယနေ့(နိုဝင်ဘာလ ၆ ရက်) ည ၈ နာရီအချိန်ခန့်တွင် စစ်တွေမြို့ ကမ်းနားလမ်း၌ သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
၎င်းမှာ သေနတ်ဖြင့် သုံးချက်အပစ်ခံခဲ့ရကာ လက်ရှိတွင် စစ်တွေမြို့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရပြီး စိုးရိမ်ရသည့် ဒဏ်ရာရရှိထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက DMG သို့ပြောသည်။
“အခုလက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်။ ဒဏ်ရာက သုံးချက်ပေါ့နော်။ ဒဏ်ရာအခြေအနေက စိုးရိမ်ရတယ်။ လောလောဆယ်က အရေးပေါ်ခွဲစိတ်ကုသဖို့ လုပ်ဆောင်နေတယ်”ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်တွေမြို့၊ ကမ်းနားလမ်း RV စားသောက်ဆိုင်ထဲတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွား၍ ဒဏ်ရာအပြင်းအထန်ရရှိထားသည့် လူနာတစ်ဦးကို စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သည်ဟု လူမှုကူညီရေးလုပ်ဆောင်နေသည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းလူမှုကူညီရေးအသင်းက လူမှုကွန်ယက်စာမျက်နှာတွင် ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို မသိရသေးပေ။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တွေမြို့မှ နေရာအချို့တွင် စစ်ဆေးမှုများတင်ကြပ်ထားကြောင်းလည်း သိရသည်။