ဘူးသီးတောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု တရားလိုမရောက်သည်မှာ ၅ လထိကြာမြင့်လာ

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအမှုတွင် တရားလိုဖြစ်သူက ရုံးချိန်းမရောက်သည်မှာ ၅ လခန့်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

By Admin 21 Apr 2023

ဘူးသီးတောင်မြို့နယ်တရားရုံး (ဓာတ်ပုံ - Arakan Princess Media)
ဘူးသီးတောင်မြို့နယ်တရားရုံး (ဓာတ်ပုံ - Arakan Princess Media)

DMG ၊ ဧပြီ ၂၁

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ - ၁၇ (၁) ဖြင့် တရားစွဲခံထားရသည့် ဘူးသီးတောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးနှစ်ဦးအမှုတွင် တရားလိုဖြစ်သူက ရုံးချိန်းမရောက်သည်မှာ ၅ လခန့်ရှိလာပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

မီးကျောင်းဈေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအာမီဟူဆောင်း(၅၉ နှစ်) နှင့် တပ်မင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လှ(၆၂ နှစ်) တို့ကို ဘူးသီးတောင်အခြေစိုက် ဗိုလ်ကြီးနေလင်းဦးက တရားလိုပြုလုပ်ကာ ဘူးသီးတောင်မြို့နယ်တရားရုံးတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး ၅ လအတွင်း ၉ ကြိမ်ထိ ရုံးချိန်လာရောက်ရန် ပျက်ကွက်ကြောင်း မိသားစုဝင်များက ပြောသည်။

တပ်မင်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူ ကိုမောင်ကျော်ဝင်း “သူတို့ဖက်က လိုပြသက်သေ ၆ ယောက်ကို စစ်ဆေးပြီးပြီ။ ရုံးချိန်းပျက်ကွက်နေတာက တရားလိုပါ။ အခုတစ်ကြိမ်ဆိုရင် တရားလိုမရောက်တာ ၉ ကြိမ်ရှိသွားပြီ။ ခရီးလွန်နေတယ်လို့ပဲ ပြောတယ်။ ဒီနေ့ရုံးထုတ်တော့လည်း တရားလိုမရောက်လို့ ဘာမှမထူးဘူး။ နောက်ထပ်လာမယ့် ၂၈ ရက်နေ့ကို ရုံးထပ်ချိန်းလိုက်ပါတယ်” ဟု က DMG သို့ပြောသည်။

အဆိုပါအုပ်ချုပ်ရေးမှူးနှစ်ဦး ဖမ်းဆီးခံရစဉ်က ရင်ဘတ်ကို သေနတ်ဘောင်ဖြင့်ထုထောင်းကာ ညှင်းပန်းနှိပ်စက်မှုများရှိခဲ့သဖြင့် လက်ရှိတွင် ကျန်းမာရေးမကောင်း ဖြစ်နေသည့်အတွက် အမြန်ဆုံးလွှတ်ပေးစေလိုကြောင်း တပ်မင်းချောင်းအုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူ ဒေါ်အနူမကပြောသည်။

“သူက အသက်လည်းကြီး (၆၂) နှစ် ရှိနေပြီ။ ဘာမှအပြစ်ရှိတာလည်း မဟုတ်ဘူး။ အခုဆိုရင် သူတို့ကို ဖမ်းထားတာ ၇ လလောက်ရှိပြီ။ သူက ကျန်းမာရေးသိပ်မကောင်းဘူး။ အဖမ်းခံရတဲ့အချိန် သေနတ်ဘောင်နဲ့ အသတ်ခံရလို့ အခုထိ ထမင်းတောင် မစားနိုင်ဘူး။ မိသားစုတွေအနေနဲ့ စိုးရိမ်တာပေါ့။ အမြန်ဆုံးလွှတ်ပေးစေချင်ပါတယ်” ဟု ၄င်းကဆိုသည်။

ဖမ်းဆီးခံရစဉ် ညှင်းပန်းနှိပ်စက်မှုများရှိကြောင်း မိသားစုဝင်များပြောဆိုချက်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးပေ။

ထိုသို့ တရားရင်ဆိုင်ရသူများကို အမှုမစစ်ဘဲ ကြန့်ကြာမှုဖြစ်နေခြင်းမှာ စွပ်စွဲခံရသူ အမှုသည်နှင့် မိသားစုဝင်များအတွက် နစ်နာမှုရှိကြောင်း ရခိုင်ရှေ့နေအသိုင်းအဝိုင်းက ဝေဖန်သည်။

“ဥပဒေရဲ့ သဘောသဘာဝအရ လူတစ်ယောက်ကို တရားရုံးက အမိန့်မချမချင်း အပြစ်ရှိတဲ့ အပြစ်သားဆိုပြီးတော့ မှတ်ယူလို့မရဘူး။ အမိန့်မချသရွေ့ သူက အပြစ်ကင်းစင်နေတဲ့ သူတစ်ယောက်ဖြစ်တယ်။ အပြစ်သားတစ်ယောက်အနေနဲ့ လုံးဝသတ်မှတ်လို့ မရတဲ့ကာလမှာ အချုပ်ထဲမှာနေရတဲ့အခါ အမှုမစစ်ဆေးဘဲ ကြာနေတဲ့အတွက် သူ့ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ အများကြီးနစ်နာမှုရှိတယ်။ မိသားစုအတွက်လည်း နစ်နာမှုတွေရှိတာပေါ့” ဟု အမည်မဖော်လိုသည့် ရခိုင်ဝါရင့်ရှေ့နေတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃ ရက်နေ့က ဘူးသီးတောင်တပ်ရင်း (၂၃၄) စစ်ဗျူဟာ တာဝန်ရှိသူတို့က အနီးအနားမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၂ ဦးကို အစည်းအဝေးခေါ်ယူခဲ့ပြီး ယင်းအထဲမှ အဆိုပါ ကျေးရွာအုပ်ချုပ်ရေမှူးနှစ်ဦးမှာ ဖမ်းဆီးကာ တရားစွဲလိုက်ခြင်းဖြစ်သည်။

DMG က စုဆောင်းထားသည့် စာရင်းများအရ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်တကျော့ပြန် တိုက်ပွဲများအတွင်း ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးမှူး ၁၁ ဦးထက်မနည်းကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ မောင်တောမြို့နယ်တွင် ၃ ဦး၊ ဘူးသီးတောင်မြို့နယ်တွင် ၃ ဦး၊ မင်းပြားမြို့နယ်တွင် ၁ ဦး၊ ကျောက်ဖြူမြို့နယ်တွင် ၄ ဦး - စုစုပေါင်း ၁၁ ဦးတို့မှာ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ-၁၇(၁)ဖြင့် တရားစွဲခံထားရသည်။

ရခိုင်ပြည်အတွင်း AA သံသယဖြင့် ဖမ်းဆီးခံရပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ ဦးခန့်ရှိပြီး ယင်းအထဲတွင် အမိန့်မချဘဲ ရုံးချိန်းရွေ့ဆိုင်းခံနေရသူ ၂၀ ဦးထက်မနည်းရှိကြောင်း DMG ၏ စုံစမ်းချက်အရ သိရသည်။

ဖမ်းဆီးခံထားရသောဒေသခံများ ပြန်လည်လွတ်မြောက်လာရေးအတွက် AA နှင့် စစ်ကောင်စီတို့ကြား ဆွေးနွေးမှုများရှိကြောင်း AA က ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ တစ်ဦးတစ်ယောက်မျှ မလွတ်လာသေးပေ။

#R007