ပြည်သူအတွက် ဆက်လက်ရပ်တည်သွားမည်ဟု ရကသ (၁၁) နှစ်ပြည့်တွင် ပြောကြား

၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)မှာ ယနေ့ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ၁၁ နှစ် တင်းတင်းပြည့်ခဲ့ပြီးဖြစ်သည်။

By Admin 11 Aug 2023

ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ၂၀၂၀ ခုနှစ်က ဆန္ဒဖော်ထုတ်ခဲ့သည့် ရကသကျောင်းသားသုံးဦး ဖမ်းဆီးခံရစဉ်။
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ၂၀၂၀ ခုနှစ်က ဆန္ဒဖော်ထုတ်ခဲ့သည့် ရကသကျောင်းသားသုံးဦး ဖမ်းဆီးခံရစဉ်။

DMG ၊ ဩဂုတ် ၁၁

၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)မှာ ယနေ့ ၂၀၂၃ ခုနှစ် ၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ၁၁ နှစ် တင်းတင်းပြည့်ခဲ့ပြီးဖြစ်သည်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် ရခိုင်အမျိုးသားညီလာခံက ချမှတ်လိုက်သည့် မူဝါဒအတိုင်း ရခိုင်ပြည်သူ လူထုအကျိုးစီးပွားအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ကျောင်းသားများကလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။ 

“ကျနော်တို့စဖွဲ့တာကတော့ ၂၀၁၂ မှာ စဖွဲ့ခဲ့တယ်။ အဲဒီတုန်းက ရခိုင်နဲ့မွတ်ဆလင်ကြားမှာ လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တယ်။ အဲဒီတုန်းက ကျောင်းသားသမဂ္ဂက တရားဝင်ပုံစံမျိုးမရှိသေးဘူး။ ၂၀၁၄ ခုနှစ်မှာတော့ တော်တော်လေးအားကောင်းလာတယ်။ အမျိုးသားပညာရေးသပိတ်မှာ ကျနော်တို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့  ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆန္ဒပြခဲ့တာရှိတယ်။ အဲဒီအချိန်ကနေပြီးတော့ စစ်ဘေးရှောင်တွေ၊ မုန်တိုင်းသင့်ပြည်သူတွေ၊ ကိုဗစ်ကာလတုန်းကလည်း ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်က DMG ကို ပြောသည်။

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်ချိန် အင်တာနက် ဖြတ်တောက်ထားစဉ်ကလည်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး “4G အင်တာနက်ပြန်ဖွင့်ပေးရေး၊ No bloody Government ၊ No Murder Government၊ ပြည်နယ်အစိုးရအား အယုံအကြည်မရှိ၊ ဖက်ဆစ်လူသတ်ဝါဒ ဆန့်ကျင်ကြ” စသည့် အချက်များဖြင့် ဆန္ဒဖော်ထုတ်မှုကြောင့် ကျောင်းသားသုံးဦး ထောင်ချခံခဲ့ရသည်။

“NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နဲ့ ပလက်ဝမြို့နယ်တွေမှာ အင်တာနက်ပိတ်ခဲ့တာရှိတယ်။ နောက်ပြီးတော့ စစ်တပ်က ပြည်သူတွေကို သတ်ဖြတ်နေတဲ့အပေါ်မှာ အစိုးရက နှုတ်ဆိတ်နေခဲ့တယ်။ ဒါတွေကို ကျနော်တို့ အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့တာတွေရှိတယ်။ နောက်ပြီးတော့ စစ်တပ်က ပြည်သူလူထုအပေါ် ညှင်းပန်းနှိပ်စက်တာတွေ ပိုများလာတဲ့အတွက် ကျနော်တို့က ထပ်ပြီးဆန္ဒပြခဲ့တာတွေရှိတယ်။ ဒါကြောင့် နိုင်ငံတော်အကြည်ညိုပျက်မှုပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ချခံခဲ့ရတာတွေရှိတယ်” ဟု ကိုဦးသန်းနိုင်က ပြောသည်။

ယနေ့ကျရောက်သည့် ၁၁ နှစ်ပြည့်မြောက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(ရကသ)ကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကလည်း ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ထားသည်။

“ဗကသများအဖွဲ့ချုပ်သည်လည်း အဖိနှိပ်ခံပြည်သူလူထုအကျိုး၊ ကျောင်းသားထုအကျိုးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်အရပ်ရပ်တွင်  ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း” သဝဏ်လွှာတွင် ပါရှိသည်။

ယခင်က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေဖြင့် မြေပြင်လှုပ်ရှားမှုများ၊ ဆန္ဒထုတ်ဖော်မှုများ ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် အနည်းငယ်အားလျော့သွားသဖြင့် သမိုင်းပေးတာဝန်များကို ဆက်ပြီး ထမ်းဆောင်ရန် လိုအပ်ကြောင်း နိုင်ငံရေးသမား ဦးဖေသန်းက ပြောသည်။ 

“ရကသကျောင်းသားတွေအနေနဲ့ တချိန်က အဖွဲ့အစည်းဖွဲ့ပြီးတော့ မြေပြင်လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ  လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့အသံတွေ တိတ်သွားတယ်။ တစ်ဖက်ကလည်းပဲ တချို့ကျောင်းသားတွေဆိုရင် တစ်စုတစ်စည်းတည်း မလုပ်နိုင်ဘဲ ပြန့်ကြဲသွားတာလည်း ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ ဆက်ပြီးတော့ ဆန္ဒဖော်ထုတ်တာ၊ တောင်းဆိုတာတွေက စစ်ကောင်စီခေတ်မှာတော့ မလွယ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီလူငယ်တွေဟာ သမိုင်းပေးတာဝန်ကိုတော့ ထမ်းဆောင်ဖို့လိုအပ်နေတယ်” ဟု ဦးဖေသန်းက ပြောသည်။ 

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ မူဝါဒမှာ ရခိုင်အမျိုးသားအကျိုးစီးပွား ကာကွယ်ရေး၊ စစ်မှန်သော တရားမျှတမှုနှင့် ငြိမ်းချမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရက်တစ်ပညာရေး၊ ကျောင်းသားထုအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ ရခိုင်ကျောင်းသားထုတစ်ရပ်လုံး သွေးစည်းညီညွတ်ရေးနှင့် မဟာမိတ် ကျောင်းသားသမဂ္ဂများနှင့် စည်းလုံးရေးတို့ဖြစ်သည်။

#R007

ဗီဒီယိုများ