အုပ်စိုးသူတို့ ဆင်းရဲလှသည့် တိုင်းပြည်

အုပ်စိုးသူ လူတိုင်းစားတို့၏ ပြည်သူအပေါ်ထားသည့် အကြင်နာတရားသည်ကား စံထားလောက်ပေသည်။ ၎င်းတို့ကို ဝေဖန်သည့် လူမှုကွန်ယက်စာမျက်နှာများအား ပိတ်ပင်သည်ဟူ၍မရှိ။ ၎င်းတို့၏ လုပ်ရပ်များကို ဝေဖန်အကြံပြုသူများအားလည်း အရေးယူမှု မရှိ။ ၎င်းတို့အား တော်လှန် ပုန်ကန်မည့်သူများဟု သံသယရှိသူများကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုမျိုးမရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ်၌လည်း လက်နက်ကြီးများဖြင့် ဖြိုခွင်းခြင်း မရှိပေ။ အကြင်နာတရား ကြီးမားလှသည့် ဘဝရှင် မင်းတရားကြီး၏ အမိန့်တော်ကြောင့် ဘုရင့်တပ်တော်အောက်ရှိ လက်အောက်ငယ်သား လက်နက်ကိုင်များမှာလည်း အမိန့်အာ ဏာကို ဖီဆန်မှု စိုးစဉ်းမျှ မရှိကြပေ။

By ဇော်ဇော် 10 Aug 2021

DMG | သြဂုတ် ၁၀

ဇော်ဇော်

(သရော်စာ)

ကျွန်ုပ်တို့ နေထိုင်သည့် ဓနရဋ္ဌ တိုင်းနိုင်ငံတော်ကြီးတွင်ကား အုပ်ချုပ်ခံလူတန်းစားများက အလိုရမ္မက်ကြီးကာ လောဘဇောဖြင့် စီးပွားရေးကို အပြိုင်အဆိုင်လုပ်ပြီး ချမ်းသာကြွယ်ဝကြသမျှ အုပ်ချုပ်သည့် လူတန်းစား အာဏာရှိသူများမှာ အကျင့်ပျက်ခြစားမှုမရှိဘဲ ရိုးသားစွာ နေထိုင်ကြသောကြောင့် ဆင်းရဲဒုက္ခတို့ကိုသာ ခံစားနေကြရလေသည်။

အမှန်တကယ် ဒီမိုကရေစီ ဆန်လွန်းသောကြောင့် ပြည်သူများ၏ အာဏာသည် အစိုးရမင်းတို့အပေါ်၌ လွှမ်းမိုးပြီး အစိုးရမင်းတို့သည်ကား တိုင်းသူပြည်သားများအပေါ် မျက်စောင်းမျှ ထိုးဝံ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ပြည်သူကချမ်းသာပြီး ၎င်းတို့က ဆင်းရဲနေကြခြင်းကြောင့်ဖြစ်ပေသည်။

ကျွန်ုပ်တို့၏ တိုင်းနိုင်ငံကြီး၌ကား အခွန်ဘဏ္ဍာများ မည်မျှပင် ရရှိစေကာမူ အုပ်ချုပ်သူလူတန်းစားများအား လူမွေးလူရောင် ပြောင်နိုင်စွမ်းမရှိ။ ကျွန်ုပ်တို့ တိုင်းပြည်၏ မြောက်အရပ်တွင် အဖိုးတန်လှသည့် ကျောက်စိမ်းရတနာများ ထွက်လေ၏။ အရှေ့မြောက်အရပ်တွင် ကျောက်သံပတ္တမြားတို့ ထွက်ရှိလေ၏။ တောင်ဘက်အရပ်တွင် ရွှေမှုန်ရွှေစနှင့် သစ်တောထွက်ပစ္စည်းအပြင် ပင်လယ်ပြင်မှ သယံဇာတများကို ထုတ်ယူရောင်းချနိုင်လေ၏။

သို့သော်လည်း ၎င်းတို့မှရရှိသည့် အကျိုးအမြတ်များအား ကိုယ်ကျိုးအတွက်ဆိုကာ စံအိမ်တော်ကြီးများကို မတည်ဆောက်ကြဘဲ ပြည်သူ့အကျိုးအတွက် တံတားဆောက် လမ်းခင်းသည့်နေရာများတွင်သာ အသုံးပြုခဲ့ကြသည်။

ထို့အတူ အနောက်အရပ်တွင်ကား များမြောင်လှသည့် သယံဇာတတို့နှင့်အတူ ယုံကြည်ချက် မြင့်မားလှသည့် လူအဖွဲ့စည်းတို့လည်း နေထိုင်ကျက်စားလျှက် ရှိကြကုန်လေ၏။

တိုင်းနိုင်ငံကြီး၏ အရပ် ရှစ်မျက်နှာမှ သယံဇာတ တူးဖော်ရေးလုပ်ငန်းကြီးများကိုလည်း အုပ်စိုးသူ လူတန်းစားများမှ စိုးမိုးခြယ်လှယ်ခြင်းမရှိဘဲ ပြည်သူများကသာ စီမံအုပ်ချုပ်နေကြလေသည်။ ဤကဲ့သို့ ခွင့်ပြုထားခြင်းကြောင့်သာလျှင် ပြည်သူများ ချမ်းသာနေကြခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် တရုတ်ပြည်တွင် အနောက်ဘက်က တာတာ လူမျိုးတို့၏ အန္တရာယ်ကို ခုခံကာကွယ်နိုင်ရန်အတွက် ဂရိတ်ဝေါလ် တံတိုင်းကြီးကို တည်ဆောက်ပြီး ကာဆီးခဲ့သလို ကာဆီးရပေတော့မည်။ ယုံကြည်မှု အလွန်မြင့်မားနေသည့် လူမျိုးနွယ်စုကြီးတစ်ခုကို ထိန်းချုပ်နိုင်ရန်မှာကား လွယ်ကူလှသည့် အလုပ်တစ်ခု မဟုတ်ပေ။

တစ်ခါတစ်ပါး ကပ်ရောဂါကြီးတစ်ခု ဆိုက်ကပ်ခဲ့တုန်းကဆိုပါမူ လူအများ ယုံကြည်ကိုးကွယ်သူတစ်ဦး၏ အိပ်မက်ဆိုလား ယတြာလား မိန့်ကြားချက်တစ်ခုကြောင့် ကိုယ့်ခန္ဓာက အဝတ်ကိုတောင် မြစ်ချောင်းများထဲသို့ စွန့်ကြဲခဲ့ကြသူတွေ။ အတွေးအခေါ် မြင့်မားလွန်းလှသည့် အနောက်ဘက်အုပ်စုကိုလည်း နိုင်နင်းအောင် ထိန်းသိမ်းဖို့က မလွယ်ကူ၊ တိုင်းပြည်တွင်းမှာလည်း မင်းစိုးရာဇာ အပြောင်းအလဲတွေကြောင့် ထကြွပုန်ကန်နေသူများ၏ အဖျက်အမှောင့်များကြောင့် ဆင်းရဲလွန်းရှာသည့် ဘုရင့်ထီးဘုရားတော်ကြီးကလည်း ရွှေစိတ်တော် ငြိုငြင်လှပေဘိ။

ဓနရဋ္ဌ ဆိုသည်က ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသည့် နိုင်ငံ။ မည်သည့်အကြောင်းရင်းပင် ဖြစ်လာပါစေ ငွေကြေးဥစ္စာကို အကုန်အကျခံပြီး ဖြေရှင်းပေးမည်ဟုလည်း ဘုရင့်ထီးဘုရားတော်က မိန့်ကြားလေပြီးသား။

နွေရာသီ ရောက်လာတိုင်း ကျွန်ုပ်တို့ တိုင်းပြည်မှာ အကြီးမားဆုံး ကြုံတွေ့ရသည့် အခက်အခဲက သောက်သုံးရေ ရှားပါးမှု ပြဿနာပါ။ အဆိုပါကိစ္စအား ဝန်မင်းမှတဆင့် တိုင်းမင်းကြီး၊ တဖန် ဘုရင့်ထီးဘုရားကြီးထံ တင်ပြခဲ့သော်လည်း မှန်လှပါဘုရားဖြင့် နိဋ္ဌိတံသွားရပြန်သည်။

သို့သော်လည်း ပြဿနာအား ဖြေရှင်းသွားပုံကလည်း ဆန်းကြယ်လှပေသည်။ ကြေငြာချက် တစ်စောင်တည်းဖြင့်ပင် ကိစ္စပြီးပြတ်သွားလေ၏။ ကြေငြာချက် အပြည့်အစုံမှာကား ဤသို့တည်း။

“အကြောင်းကြားအပ်ပေသည် တိုင်းမင်းကြီးအနေဖြင့် ရေရှားပါးမှုပြဿနာအား အမြန်ဆုံးဖြေရှင်းနိုင်ရန်အတွက် ဒေသတွင်းရှိ သူဌေးသူကြွယ်များထံ မျက်နှာငယ်ခံ၍ အလှူခံပြီး ဖြေရှင်းစေ” ရှင်းလင်း ပြတ်သားပါဘိလေစွ။

မည်သို့ပင် ဆိုစေကာမူ ပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းနိုင်စွမ်းရှိသည်မှာ ဘုရင်ထီးဘုရားတစ်ပါးသာ ရှိသည်ကို ဝန်မင်းတို့ သဘောပေါက်ကုန်ကြလေပြီ။ နောက်နောင် ဤကဲ့သို့ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရပါကလည်း ဘုရင့်ထီးဘုရား၏ အမိန့်အတိုင်းသာ လိုက်နာဆောင်ရွက်ကြမည်ဟု ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြလေ၏။

နောက်ထပ်တစ်ကြိမ် ကပ်ရောဂါကြီး ကြုံလာပြန်တော့လည်း ဘုရင့်ထီးဘုရားကြီး၏ အစီအမံဖြင့်ပင် တိုင်းသူပြည်သူများထံမှ အလှူခံ၍ ဖြေရှင်းလိုက်ကြရပြန်သည်။ လိုအပ်သည့် ဆေးဝါးအကူပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားခဲ့ကြသည့် အသင်းအဖွဲ့များကိုလည်း စနစ်တကျဖြစ်စေရန်အလို့ငှာ စီမံခန့်ခွဲရန် ကြိုးစားခဲ့လေ၏။ နောက်ပိုင်းမှသာ အမြဲတစေ အလှူငွေ ထည့်ဝင်နေကြသည့် ပြည်သူများ၏မျက်နှာကို ထောက်ထား၍ ၎င်းအစီအစဉ်အား ရုပ်သိမ်းလိုက်ကြလေသည်။

တစ်ခါတပါး၌ ဆိုပါမူ ဓနရဋ္ဌ တိုင်းပြည်ကြီးတွင် လေမုန်တိုင်းဒဏ်ကြောင့် နေအိမ်များနှင့် အဆောက်အအုံများ ပျက်စီးသွားခဲ့ဖူးလေသည်။ ထိုစဉ်က ဘဝရှင် မင်းတရားကြီးသည် အဝတ်အစားကို အလွန်ပင် နှစ်သက်လွန်းသောကြောင့် ၎င်း၏ အစိမ်းရောင် ဝတ်ရုံတော်ကြီးအစား အဖြူရောင်ဝတ်စုံတော်ကြီးကို ဆင်မြန်းခါစ ဖြစ်လေ၏။

ထိုစဉ်ကတည်းက သဘာဝဘေးဒဏ်ကို ခံစားခဲ့ရသည့် ပြည်သူများကို စေတနာမေတ္တာ ကြီးမားသောအားဖြင့်  ချမ်းသာကြွယ်ဝသည့် တိုင်းသူပြည်သားများထံမှ အလှူခံပေး၍ ကျွေးမွေးစောင့်ရှောက်ခဲ့သည့် အစဉ်အလာ ရှိခဲ့ဖူးလေပြီတကား။

ယင်းကဲ့သို့ အစီအစဉ်များအား မှတ်သားနာယူခဲ့ကြသည့် ရင်ခွင်ပိုက်ဘုရင်၏ မယ်တော်ကြီးနှင့် လက်ရှိ ဘဝရှင်မင်းတရားကြီးတို့သည်လည်း ၎င်းလမ်းစဉ်အတိုင်းပင် ကျင့်သုံးလျက် ရှိပေသည်။
ကျွန်ုပ်တို့၏ တိုင်းပြည်ကြီးသည်ကား ပထဝီ အနေအထားအရ သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်နှစ်တိုင်း ခံစားနေကြရပေသည်။ သယံဇာတ မည်မျှပင် ပေါကြွယ်ဝသော်ငြားလည်း ဆင်းရဲလွန်းလှသည့် အုပ်စိုးသူများကြောင့် ဆည်မြောင်းတာတမံများကို အလုံအလောက် မတည်ဆောက်နိုင်ရုံသာမက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်စွမ်း မရှိကြပေ။

နွေရာသီရောက်လျှင် ရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ကြုံတွေ့ရလေ့ ရှိသကဲ့သို့ မိုးရာသီရောက်တိုင်း ရေကြီးရေလျှံမှု ပြဿနာကိုလည်း ရင်ဆိုင်ကြုံတွေ့ရစမြဲ ဖြစ်ပေ၏။ သို့သော်လည်း ပြဿနာမရှိ၊ ဘဝရှင်မင်းတရားကြီးတို့ အလွယ်တကူ ဖြေရှင်းသွားခဲ့ကြစမြဲ။ လွယ်ပါပကောလား ဖြေရှင်းဖို့နည်းလမ်းက အသင့်ရှိပြီးသားပဲလေ။

ယခင့် ယခင် နည်းလမ်းများအတိုင်း တိုင်းသူပြည်သားများ အလှူငွေ ထည့်ဝင်ကြစေ၊ တချက်လွှတ်အမိန့်ဖြင့် ဖြေရှင်းလိုက်ကြသည်သာပဲ။ အုပ်စိုးသူတွေက ဆင်းရဲကြပေသကိုး။ အုပ်စိုးသူတို့ အဘယ်မျှ ဆင်းရဲကြသည်ဆိုလျှင် ဝတ်စရာ ဝတ်စုံနှစ်စုံမျှကိုသာ ပိုင်ဆိုင်ကြလေ၏။ လျှာထိုးဦးထုပ်ပါ အစိမ်းရောင် ဝတ်စုံကိုချွတ်လဲပြီးလျှင် မောင့်ကျက်သရေခေါင်းပေါင်းနဲ့ အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ရသည်အထိ ဆင်းရဲနွမ်းပါးလှပေသည်။ အဖြူနှင့် အစိမ်းသည်သာ ၎င်းတို့ ပိုင်ဆိုင်သည့် အဝတ်အစားများပေတည်း။

အုပ်စိုးသူ လူတိုင်းစားတို့၏ ပြည်သူအပေါ်ထားသည့် အကြင်နာတရားသည်ကား စံထားလောက်ပေသည်။ ၎င်းတို့ကို ဝေဖန်သည့် လူမှုကွန်ယက်စာမျက်နှာများအား ပိတ်ပင်သည်ဟူ၍မရှိ။ ၎င်းတို့၏ လုပ်ရပ်များကို ဝေဖန်အကြံပြုသူများအားလည်း အရေးယူမှု မရှိ။ ၎င်းတို့အား တော်လှန် ပုန်ကန်မည့်သူများဟု သံသယရှိသူများကိုလည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုမျိုးမရှိသကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ်၌လည်း လက်နက်ကြီးများဖြင့် ဖြိုခွင်းခြင်း မရှိပေ။ အကြင်နာတရား ကြီးမားလှသည့် ဘဝရှင် မင်းတရားကြီး၏ အမိန့်တော်ကြောင့် ဘုရင့်တပ်တော်အောက်ရှိ လက်အောက်ငယ်သား လက်နက်ကိုင်များမှာလည်း အမိန့်အာ ဏာကို ဖီဆန်မှု စိုးစဉ်းမျှ မရှိကြပေ။

ဘဝရှင်မင်းတရားကြီး၏ တပ်သားများသည် ဆင်းရဲပင်ပန်းလွန်းလှသော်လည်း ပြည်သူကို လက်နက်ဖြင့် မခြိမ်းခြောက် မလု၊မယက်၊ ဓါးပြတိုက်ခြင်းများ အလျဉ်းမရှိဘဲ တစ်ခါတစ်ရံ ပြည်သူက ကြည်ဖြူ၍ ပေးကမ်းကျွေးမွေးသော ငါးပိ၊ ကြက်၊ ဝက်၊ ဘဲ တို့ကိုသာ စားသုံးကြပြီး အယုဒ္ဓယပြည်မှ လာသော စက်တပ် နှစ်ဘီးယာဉ်များကို ငှားရမ်း စီးကြလေ၏။ တစ်ခါတရံတွင် အသစ်စက်စက် ပိုလျှံနေသည့် အမျိုးသမီးအသုံးများကိုလည်း ပြည်သူများထံမှ အလှူခံ၍ ရရှိကြလေ၏။

သို့သော် ဘုရင့်တပ်တော်သားများမှာကား ဆင်းရဲပင်ပန်းခြင်းကို မငဲ့ကွက် ပေးအပ်သည့် အမိန့်ကိုသာ တသွေမတိမ်း လိုက်နာဆောင်ရွက်လျှက် တာဝန်ထမ်းဆောင်ကြသည်ကိုသာ တွေ့မြင်ရလျှက် ရှိနေပြန်ပေသည်။

ဓနရဋ္ဌ တိုင်းနိုင်ငံကြီး၏ မှူးကြီးမတ်ရာ၊ ဝန်ကြီးတို့၏ မိသားစုဝင်များမှာလည်း ငွေကြေးဥစ္စာ ဆင်းရဲရှားပါးလွန်းသောကြောင့် စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ကိုင်နိုင်စွမ်း မရှိကြဘဲ ငတ်တခါပြတ်တစ်လှည့်ဖြင့် ဘဝကို ရှင်သန်နေကြရလေ၏။

မည်သို့ပင်ဆိုစေကာမူ တိုင်းသူပြည်သားများ၏ ချမ်းသာကြွယ်ဝမှုကြောင့် ဘဝရှင်မင်းတရားကြီးသည် စိတ်ချမ်းသာကျေနပ်မှုကိုရလျက် ပျော်ရွှင်ကြည်နူးရသည်မှာကား အထူး ဆိုဖွယ်ရာမရှိပေ။
ဘုရင်မင်းတရား၏ ကြုံးဝါးသံကို ကြားရလေသည့် ပြည်သူတို့၏ စိတ်ဝယ်တွင်လည်း နှလုံးပီတိ ဂွမ်းဆီထိသကဲ့သို့ ဝမ်းမြောက် ကျေနပ်ကြရကုန်လေသည်။

ထီးဘုးရား၏ ကြွေးကြော်သံမှာကား “ မည်သည့် ဘေးအန္တရာယ်ပဲ ကြုံတွေလာပါစေ ချမ်းသာသည့် ပြည်သူတွေ ရှိနေသရွေ့ အလှူခံပြီး ဖြေရှင်းလို့ရနိုင်ပါတယ်” ဟူသတဲ့တည်း။

ဇော်ဇော် ရေးသားသည်

ဗီဒီယိုများ