ပြည်သူတွေ သိဖို့လိုနေတဲ့ ရခိုင်ပြည်က စစ်မှုထမ်းပြဌာန်းချက်

စစ်မှုထမ်းပြဌာန်းချက်မှာ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်၊ လျော့ပေါ့ခွင့်၊ သင်တန်းကာလ၊ စစ်မှုထမ်းကာလကြာချိန် စတဲ့အချက်တွေကို သိရှိတဲ့သူဟာ အလွန်နည်းပါသေးတယ်‌။

By Admin 30 May 2025

ပြည်သူတွေ သိဖို့လိုနေတဲ့ ရခိုင်ပြည်က စစ်မှုထမ်းပြဌာန်းချက်

DMG | အယ်ဒီတာ့အာဘော်

အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP)အရ ရခိုင်ပြည်အတွင်းက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမယ့်ပြဌာန်းချက်မှာ ဘယ်လိုအချက်တွေ ပါဝင်သလဲဆိုတာကို အာရက္ခပြည်အတွင်းမှာ နေထိုင်သူတွေဟာ ဒီကနေ့အထိ တိတိပပ မသိရှိကြသေးတာကို တွေ့ရပါတယ်။

စစ်မှုထမ်းပြဌာန်းချက်မှာ စစ်မှုထမ်း ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့်၊ ယာယီရွှေ့ဆိုင်းခွင့်၊ လျော့ပေါ့ခွင့်၊ သင်တန်းကာလ၊ စစ်မှုထမ်းကာလကြာချိန် စတဲ့အချက်တွေကို သိရှိတဲ့သူဟာ အလွန်နည်းပါသေးတယ်‌။

အခုလို ဖုန်းလိုင်း၊ အင်တာနက်ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတဲ့အခြေအနေမှာ သတင်းတစ်ခု သိရဖို့အတွက် အလွန်တရာခက်ခဲနေတာကလည်း စစ်မှုထမ်းပြဌာန်းချက်ကိုသိရဖို့ ပြည်သူတွေအတွက် ပိုပြီးခက်ခဲနိုင်ပါတယ်။

ဒါကြောင့် စစ်မှုထမ်းရမယ်လို့ ကြားရုံနဲ့ စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာကြပြီး တချို့က ရခိုင်ပြည် အပြင်ဘက်ကို ထွက်ခွာဖို့အထိ ကြိုးပမ်းလာကြတာတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်အတွင်းက မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ULA/AA က မြို့နယ်တချို့မှာ စစ်မှုထမ်းပြဌာန်းချက်ကို ကျင့်သုံးနေပြီဖြစ်ပြီးတော့ တပြိုင်တည်းမှာ ဝေဖန်သံတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ "အာရက္ခတပ်တော်က အတင်းအကျပ် စစ်မှုထမ်းခေါ်တယ်" ဆိုပြီးတော့ ဒေသခံတချို့ဟာ မေလ ၁၈ ရက်နေ့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

"တောင်ကုတ်ကိစ္စကတော့ ဒီပြဋ္ဌာန်းချက်ထွက်ပြီးတဲ့နောက်မှာ သူတို့အားလုံး ပြည့်ပြည့်စုံစုံ မသိသေးတော့ စိုးရိမ်ပြီး နားလည်မှုလွဲပြီး ဖြစ်တဲ့ကိစ္စပါ" လို့ ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောထားပါတယ်။

စစ်မှုထမ်းပြဌာန်းချက်အရဆိုရင် ရခိုင်တစ်ပြည်လုံးမှာ အကျုံးဝင်တဲ့သူ သန်းဂဏန်းလောက်ထိ ရှိနိုင်ပြီးတော့ အပတ်စဉ်ခွဲပြီး သေချာစိစစ်ပြီးမှ ခေါ်ယူသွားမယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

စစ်မှုထမ်းပြဌာန်းချက်နဲ့ပတ်သက်လို့ တခြားမြို့နယ်တွေမှာလည်း ဝေဖန်သံသဲသဲတွေ ကြားနေရပြီးတော့ စစ်မှုထမ်းပြဌာန်းချက်မှာ ပါဝင်တဲ့အချက်တွေကို မသိထားဘူးဆိုရင် "တောင်ကုတ်" လို နားလည်မှုတွေ ထပ်လွဲလာနိုင်ပါတယ်။

မကြာသေးမီက ULA က ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းအကျုံးဝင်သူတွေကို ရခိုင်ပြည်အတွင်းက ထွက်ခွာခွင့် ပိတ်ပင်လိုက်တဲ့ကိစ္စအပေါ် လူ့အခွင့်အရေးပေတံ၊ လူမှုရေးပေတံ၊ အမျိုးသားရေးပေတံတွေနဲ့ တိုင်းတာနေကြတာ တွေ့ရပါတယ်။

ရခိုင်ပြည်သူလူထုရဲ့ အမြင့်ဆုံး အားပေးထောက်ခံမှုတွေနဲ့ အာရက္ခတပ်တော် (AA)ဟာ ရခိုင်က မြို့နယ် ၁၄ ခုနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ရခိုင်က ကျန်မြို့နယ် ၃ ခုကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတဲ့အပြင် ရခိုင်ပြည်အတွက် တံခါးပေါက်တွေကို ကာကွယ်နိုင်ရေးနဲ့ ပြည်မဘက်ကို ဦးတည်ရေးအတွက် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း‌တို့မှာ မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေပါတယ်။

အခုလို အောင်မြင်မှုတွေကို ဆက်လက်ထိန်းထားနိုင်ဖို့နဲ့ အာရက္ခပြည်ရဲ့ ဘက်ပေါင်းစုံကို ပြည်လည်ထူထောင် နိုင်ဖို့ဆိုတာ လူသားအရင်းအမြစ်က အာခရာကျတယ်ဆိုတာကို သဘောပေါက်ကြဖို့လည်း လိုပါတယ်။

အာရက္ခတပ်တော်ရဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်တဲ့ တအာင်းအမျိုးသားတပ်မတော် (TNLA) ကလည်း မြို့ ၇ မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်းရှိတဲ့ တအာင်း/ပလောင် အမျိုးသားတိုင်း စစ်မှုထမ်းရမယ့်ဥပဒေကို ပြဌာန်းထားတာ တွေ့နိုင်ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက အပတ်စဉ်တစ်ခုမှာ လူငါးထောင်နှုန်းနဲ့ စစ်မှုထမ်းအပတ်စဉ် ၁၃ အထိ ခေါ်ယူထားတာကိုလည်း သတိပြုကြဖို့လိုပါတယ်။

ခြုံပြောရရင် ရခိုင်ပြည်သူတွေရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရခိုင်တစ်ပြည်လုံး လွတ်မြောက်ရေးအတွက် စစ်မှုထမ်းပြဌာန်းတာကို ပြည်သူတွေက နားလည်ကြပေမယ့် စစ်မှုထမ်းပြဌာန်းချက်ထဲမှာပါတဲ့ အချက်တွေကို ပြည်သူတွေ ရှင်းရှင်းလင်းလင်းသိရှိနိုင်အောင် လုပ်ဆောင်ပေးဖို့လိုအပ်တဲ့အကြောင်း တိုက်တွန်းလိုက်ရပါတယ်။