စစ်မှုထမ်း တပ်သားသစ်များနှင့်သာ ကျားကန်နေရသည့် စစ်ကောင်စီ၏ ရှေ့တန်းစစ်မြေပြင်

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ အရှိန်မြင့်ထိုးစစ်များကြောင့် စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီသည် တပ်စခန်းများထပ်မလွှတ်ရရေးနှင့် တန်ပြန်တိုက်ခိုက်မှုများအတွက် ရှေ့တန်းစစ်မြေပြင်သို့ စစ်မှုထမ်း တပ်သားသစ်များကိုသာ စေလွှတ်နေရသည်။

By Admin 04 Jun 2025

စစ်ကောင်စီ၏ အပတ်စဉ် ၁၃ စစ်မှုထမ်းသင်တန်းဆင်းပွဲ။ ဓာတ်ပုံ - MRTV
စစ်ကောင်စီ၏ အပတ်စဉ် ၁၃ စစ်မှုထမ်းသင်တန်းဆင်းပွဲ။ ဓာတ်ပုံ - MRTV

DMG ၊ ဇွန် ၄

နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၏ အရှိန်မြင့်ထိုးစစ်များကြောင့် စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီသည် တပ်စခန်းများထပ်မလွှတ်ရရေးနှင့် တန်ပြန်တိုက်ခိုက်မှုများအတွက် ရှေ့တန်းစစ်မြေပြင်သို့ စစ်မှုထမ်း တပ်သားသစ်များကိုသာ စေလွှတ်နေရသည်။

TNLA ထိန်းချုပ်ရာ နောင်ချိုမြို့ကို ပြန်ရရေး ကြိုးပမ်းနေသည့် တိုက်ပွဲများတွင် စစ်မှုထမ်း အပတ်စဉ် ၆ မှ တိုက်ပွဲ အတွေ့အကြုံလပိုင်းသာရှိသော တပ်သားသစ်များစွာ အသုံးပြုနေသည်ကို စစ်ကောင်စီ လော်ဘီချန်နယ်များမှ ဖော်ပြချက်အရ တွေ့မြင်ရသည်။

စစ်ကောင်စီက နောင်ချိုတိုက်ပွဲများတွင် အတွေ့အကြုံနည်းပါးသည့် စစ်မှုထမ်း တပ်သားသစ်များကိုသာ အဓိက အသုံးပြုတိုက်ခိုက်နေသဖြင့် အကျအဆုံးလည်း များပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

"ဒီနောင်ချိုကို ချီတက်လာတဲ့ စစ်ကြောင်းတွေမှာ အများစုက အသက်ငယ်ငယ် စစ်မှုထမ်း တပ်သားသစ်တွေပဲလို့ သိရတယ်။ ရာထူးကြီးနည်းနည်းကပဲ အမိန့်ပေးနေရာက ပါကြတာ။ ဒါကတော့ မြေပြင် တပ်သားတွေဆီက သိရတာ" ဟု နောင်ချိုမြို့နယ်က မြေပြင်စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီသည် ထိန်းချုပ်မြို့များက မွတ်ဆလင်များကို အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူကာ စစ်သင်တန်းပေးပြီးနောက် AA ၏ ထိုးစစ်များကို ခုခံရန်အသုံးပြုခဲ့သည်။

ရသေ့တောင်၊ မောင်တောမြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီ၏ စစ်သင်တန်းဆင်း မွတ်ဆလင်တပ်သားများ ပါဝင်ခဲ့သည်ဟု AA က ဓာတ်ပုံ၊ ရုပ်သံဖိုင်များနှင့်တကွ ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကျောက်ဖြူတိုက်ပွဲတွင်လည်း မေလနောက်ဆုံးအပတ်က AA ထံ ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားများတွင် စစ်မှုထမ်း တပ်သားသစ်များစွာပါဝင်ကြောင်း AA ၏ စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ကျောက်ဖြူမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက " ကျောက်ဖြူတိုက်ပွဲက စ‌စ်မှုထမ်း တပ်သားသစ်လေးတွေဟာ သေနတ်တောင် ကောင်းကောင်း မပစ်တတ်ဘူး။ အလင်းဝင်လာတဲ့ စစ်မှုထမ်း ကောင်လေးတွေကို မေးကြည့်ရသလောက် တချို့က ဆံပင် ညှပ်ဆိုင်မှာ၊ တချို့က တက်တူးထိုးတဲ့ဆိုင်မှာ အဖမ်းခံရပြီး စစ်မှူထမ်း ပို့ဆောင်ခံရတာ။ အခြေခံစစ် သင်တန်း ၂ လပြီးတာနဲ့ ကျောက်ဖြူစစ်မျက်နှာကို ပို့ဆောင်လိုက်တာလို့ ပြောတယ်" ဟု ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် လူငယ်များအား အတင်းအဓမ္မဖမ်းဆီးကာ စစ်သင်တန်းပေးနေပြီး လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပစ်စဉ် ၁၃ ခုအထိ ရှိခဲ့ပြီဖြစ်သည်။

စစ်ကောင်စီအတွက် စစ်မြေပြင်တွင် အတွေ့အကြုံရှိပြီး တိုက်ရည်ခိုက်ရေကောင်းသော တပ်သားအရင်းအမြစ် ဆုံးရှုံးမှုများလာသဖြင့် တပ်သားလိုအပ်ချက်မြင့်တက်လာသည်။ ထို့ကြောင့် လူငယ်များအား အတင်းဖမ်းဆီးကာ စစ်မှုထမ်း အပတ်စဉ်များကို မပြတ်တမ်းလုပ်နေသည်။

ထိုသို့ အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသူများကို စိတ်ဓာတ်စစ်ဆင်ရေးများ ရိုက်သွင်းကာ စစ်မြေပြင်သို့ ပို့ဆောင်နေပြီး တစ်ပြိုင်နက်တည်းတွင် ပြည်သူများထိတ်လန့်နေသော လုပ်ရပ်များကို စေခိုင်း ထားကြောင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ဆိုကြသည်။

"အာဏာမသိမ်းခင် ၁၀ နှစ်လောက်ကတည်းက စစ်တပ်မှာ အရှားပါးဆုံးက တပ်သားသစ်ဖြစ်တယ်။ ပိုက်ဆံပေး ဝယ်ရင်တောင် တပ်သားသစ်ဝင်တာ တော်တော်ရှားပါတယ်။ အဲဒီတော့ သူတို့ရဲ့ တပ်တွင်းအင်အားက ပျက်သုန်းသွားတာမို့ လူငယ်တပ်သားသစ်တွေကို ရတဲ့နေရာက ဆွဲခေါ်နေရတာ။ စစ်သည်အရင်းအမြစ်တွေ ကုန်ဆုံးသွားပြီး တပ်သားသစ်တွေနဲ့ ကျားကန်ထားရတဲ့ အခြေအနေပေါ့" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ဆက်လက်၍ CDM ဗိုလ်ကြီးဇင်ယော်က " တပ်သားသစ်တွေကို ဆိုက်ဝါးထည့်တဲ့ပုံစံက ကျနော်တို့ တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်တွေ ဆိုပြီး မှတ်အောင်လုပ်တယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ တပ်မတော်ပျက်စီးမှာ စိုးတဲ့အတွက် မဖြစ်မနေတိုက်ရမယ်ဆိုပြီး ဆိုက်ဝါးထည့်တယ်။ စစ်မြေပြင်မှာ ရန်သူကို သတ်ရမယ်၊ သူမသတ်ရင် သူ့ကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခိုင်းတယ်။ လက်နက်ချအညံ့ခံရင်တောင် သတ်ခိုင်းတယ်။ သေနတ်ကိုင်မထားတဲ့ ပြည်သူတွေကိုလည်း မင်းတို့လို သစ္စာဆိုထားတဲ့သူတွေ မဟုတ်တာကြောင့် အရပ်သားတွေကိုလည်း မယုံရဘူးဆိုတဲ့ စိတ်တွေ ရိုက်သွင်းထားတယ်" ဟု ဆိုသည်။

စစ်မှုထမ်းတပ်သားသစ်များကို တိုက်ခိုက်ရေးအတွက်မဟုတ်ဘဲ ရပ်ရွာ/ဒေသ လုံခြုံရေးအတွက်သာ အသုံးပြုမည်ဟု စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့သည်။ သို့သော် လက်တွေ့တွင် အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခံရသူများမှာ စစ်ကောင်စီ၏ ဆိုက်ဝါး ရိုက်သွင်းခံရကာ ရှေ့တန်း စစ်မြေပြင်သို့အပို့ခံနေကြရသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသုံးပြု၍ ပြည်သူများအား ဖမ်းဆီး၊ စစ်မှုထမ်းအကျုံးဝင်သူ၏ မိသားစုများထံမှ ငွေညှစ်အကြပ်ကိုင်ခြင်း၊ စစ်မှုထမ်းသင်တန်းဆင်းများအား စစ်တိုက်ခိုင်းစေနေခြင်းတို့အပေါ် လူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ရှုတ်ချထားကြသည်။

Fortify Rights ၏ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လက ထုတ်ပြန်ချက်တွင် စစ်ကောင်စီက ဘူးသီးတောင်မြို့မှ မွတ်ဆလင်လူငယ်များကို အတင်းအဓမ္မ စစ်မှုထမ်းရန်ဖမ်းဆီးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားသည်။

စစ်မှုထမ်းတပ်သားသစ်များအနေဖြင့် စစ်ကောင်စီထက်ထဲက လွတ်မြောက်ရေးအတွက် ဆက်သွယ်အကြောင်းကြားပြီး ဝင်ရောက်ခိုလှုံနိုင်ကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့မှ တိုက်တွန်းထားသည်။