ရခိုင်မှာ မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် အပူတပြင်း လိုအပ်နေ

ရခိုင်ပြည်အတွင်း တောင်ပိုင်း မြောက်ပိုင်း မခွဲခြားဘဲ စည်းလုံးညီညွတ်မှုရှိသည်ဆို၍ မူးယစ်ဆေးဝါး သုံးစွဲမှုကိုသာ ညွှန်းရမည့်ပုံစံမျိုးအထိ ဖြစ်လာနေသည်။

By Admin 06 Apr 2023

မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသောပစ္စည်းများကို မြောက်ဦးမြို့ တစ်နေရာတွင်  ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။
မူးယစ်ဆေးသုံးစွဲရာတွင် အသုံးပြုသောပစ္စည်းများကို မြောက်ဦးမြို့ တစ်နေရာတွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။

DMG (အယ်ဒီတာ့အာဘော်)

ရခိုင်ပြည်အတွင်းက လူငယ်အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းကို ခုံမင်တပ်မက်မှု မြင့်တက်လာလျှက် ရှိ‌နေသည်။ အဆုံးစွန်အထိ ပြောရမည်ဆိုပါက အသက်မပြည့်သေးသော ဆယ်ကျော်သက်အရွယ် ၁၂ နှစ်၊ ၁၃ နှစ် ကလေးငယ်များပါ မူးယစ်ဆေးဝါး သုံးစွဲနေကြသည်ကို တွေ့မြင်နေရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုကျော်ကာလက ရခိုင်ပြည်တွင် မူးယစ်ဆေးဝါးဟူသည်မှာ ကြားဖူးနားဝသာရှိခဲ့သည့် ပစ္စည်းတစ်မျိုးဖြစ်သည်။ လက်ရှိတွင် နေရာပေါင်းစုံက အလွယ်တကူ ဝယ်ယူရရှိနေသည့်အတွက် အနာဂတ်မျိုးဆက် ကျောင်းသားလူငယ်များပါ မူးယစ်နွံထဲနစ်မြုပ်နေကြသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့နေရသည်။ ရခိုင်ပြည်က လူငယ်များသည် ယခင်က ပျော်ပွဲရွှင်ပွဲများတွင် အရက်သေစာ သောက်စားမူးယစ်ခြင်းလောက်သာ ရှိခဲ့သော်လည်း ယခုကာလတွင် မူးယစ်ဆေးသုံးစွဲမှုက ပိုမိုကျယ်ပြန့်လာနေသည်။ 

ဤကဲ့သို့ ဆက်လက်သုံးစွဲနေကြပါက ရခိုင်လူငယ်များ၏ အနာဂတ်သည် မှေးမှိန်‌ပျောက်ကွယ်သွားပြီး ပညာရေးဖက်တွင်လည်း အလွန်အမင်း နိမ့်ကျသွားနိုင်ခြေ ရှိနေသည်။ တစ်ဖက်တွင်လည်း ရခိုင်ပြည်အတွင်းက တချို့မြို့နယ်များတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုယ်တိုင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေကြသည်ကို စိတ်ပျက်ဖွယ်ရာ ကြားသိနေရပြန်သည်။

ရခိုင်ပြည်အတွင်း တောင်ပိုင်း မြောက်ပိုင်း မခွဲခြားဘဲ စည်းလုံးညီညွတ်မှုရှိသည်ဆို၍ မူးယစ်ဆေးဝါး သုံးစွဲမှုကိုသာ ညွှန်းရမည့်ပုံစံမျိုးအထိ ဖြစ်လာနေသည်။

မကြာမီအချိန်တွင်း သင်္ကြန်ပွဲတော် ကျရောက်လာပေတော့မည်။ လူငယ်လူရွယ်များအနေဖြင့် အရက်သေစာ သောက်စားရန်အတွက်သာမက ဒေသတွင်းမှာအလွယ်တကူရရှိနေသည့် မူးယစ်ဆေးဝါးများကိုပါ စုဆောင်းနေကြသည်ကိုလည်း ကြားသိနေရသည်။

“တောမီးလောင် တောကြောင်လက်ခမောင်းခတ်” ဆိုသည့်စကားပုံကဲ့သို့ နိုင်ငံရေးမတည်ငြိမ်မှုကို အခွင့်ကောင်းယူ၍ မသမာသည့်နည်းလမ်းများဖြင့် စီးပွားရှာချင်သူများက အနာဂတ်မျိုးဆက်၏ ဘဝများကို ဖျက်ဆီးနေကြသည်ကိုလည်း မိမိတို့၏ ပတ်ဝန်းကျင်တွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေကြရပါလိမ့်မည်။

မည်သို့တားဆီးကြမည်နည်းဆိုလျှင် လုံးဝတားဆီး၍ မရသည့်တိုင်အောင် အားလုံးပူးပေါင်းပါဝင် တိုက်ဖျက်ခြင်းဖြင့် လူငယ်များ၏ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျသွားစေနိုင်ပါလိမ့်မည်။ မှုခင်းတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်များက တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်နေသလို အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း အသိပညာပေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နိုင်မည်ဆိုပါက အတိုင်းအတာတစ်ခုထိ လျော့ကျသွားနိုင်ခြေရှိသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေသော်လည်း လက်ရှိ ပြည်တွင်းရှိ လူငယ်များသုံးစွဲမှု အများဆုံးမှာ ဓာတုဆေးဝါးများဖြင့် ဖော်စပ်ထားသည့် အမျိုးအစားများသာဖြစ်သည်။ ခေတ်ကာလလူငယ်များကြားတွင် မူးယစ်ဆေးဝါးတစ်မျိုးမျိုးကို မသုံးစွဲဖူးပင်လျှင် လူရာမဝင်သကဲ့သို့ ဆက်ဆံနေကြသည့် အပေါင်းအသင်းများကြောင့်လည်း လက်တည့်စမ်းချင်ကျသည့် လူငယ်များ ကျယ်ပြန့်လာကြခြင်းဖြစ်သည်။

အရက်သေစာကအစ ယစ်မူးစေတတ်သော အရာဟူသမျှသည် စွဲလမ်းစေတတ်သော ပစ္စည်းများဖြစ်သည်။ မိဘများကိုယ်တိုင်ကလည်း မိမိတို့သားသမီးများ၏ ပြောင်းလဲလာသည့် အမူအကျင့်များကို သတိထားစောင့်ကြည့်ရန် အထူးလိုအပ်သည်။ 

ငွေကြေးအနည်းငယ် တတ်နိုင်သည့် မိသားစုမှလူငယ်များသည် မူးယစ်ဆေးဝါးကို အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ကြပြီး နောက်ပိုင်းတွင် မိသားစုထံ ငွေကြေးတောင်းခံ၍မရပါက အိမ်မှာရှိသည့် ပစ္စည်းများကိုပါ ပေါင်နှံရောင်းချသည်အထိ ပျက်စီးလာနေကြသည်။ ယင်းအပြင် မိသားစုဝင်များကိုပါ ရန်မူသည့် အပြုအမူများထိ ကျူးလွန်လာနေကြသည်။ အများအားဖြင့် ရခိုင်ပြည်အတွင်း ခိုး၊ ဆိုး၊ လုယက်မှု အများစုသည် မူးယစ်ဆေးဝါးကို အစွဲအမြဲသုံးစွဲသူများနှင့် ဆက်စပ်လျက် ရှိနေသည်။

လူငယ်အများစုကို စုံစမ်းကြည့်သည့်အခါ မူးယစ်ဆေးဝါး သုံးစွဲထားပါက ဂိမ်းကစားသည့်အခါ အာရုံစူးစိုက်မှု ပိုမိုအားကောင်းသည်ဟု ဖြေကြသည်။ ထို့ကြောင့် အွန်လိုင်းဂိမ်းကို စွဲစွဲမြဲမြဲကစားကြသည့် လူငယ်အများစုသည်လည်း မူးယစ်ဆေးဝါးကို သုံးစွဲကြသည်ဟု စုံစမ်းသိရှိရသည်။

လက်ရှိတွင် မူးယစ်ဆေးဝါးအန္တရာယ်သည် ရခိုင်ပြည်အတွင်း အထူးပင်စိုးရိမ်စရာတစ်ရပ်အနေဖြင့် ပျံ့နှံ့လျက်ရှိပြီး ကျေးလက်ရော၊ မြို့ပြပါမကျန် လူငယ်အများစုမှာ WY ၊ ICE တို့ကို စျေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ရရှိသုံးစွဲနေကြသည်ကို တွေ့မြင်နေရသည်။

လူငယ်များ မူးယစ်ဆေးသုံးစွဲမှု အခြေအနေသည် ရခိုင်ပြည်အတွင်း ကြောက်ခမန်းလိလိ တိုးမြင့်လာနေသောကြောင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများက အရေးယူမှုများ၊ အသိပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ပေးကြရန် DMG က တိုက်တွန်းအပ်ပါသည်။

ဗီဒီယိုများ