ပုလောမှ စစ်ဘေးရှောင် ၁၇၀၀ ကျော်အတွက် အမိုးအကာနှင့် စားနပ်ရိက္ခာ လိုအပ်နေ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ရှောင်စခန်းများမှ ဒေသခံ ၁၇၀၀ ကျော်အတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ မလုံလောက်မှုနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

19 Jul 2022

ပုလောစစ်ဘေးရှောင်များ တောတောင်ထဲတွင် ယာယီတဲများထိုးကာ နေထိုင်ရမှုအခြေအနေ။ ဓာတ်ပုံ - ပုလောစစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ

DMG ၊ ဇူလိုင် ၁၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ စစ်ရှောင်စခန်းများမှ ဒေသခံ ၁၇၀၀ ကျော်အတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ မလုံလောက်မှုနှင့်ကြုံတွေ့နေရကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်သူများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၄) ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် နေရပ်သို့မပြန်နိုင်သေးသည့် စစ်ရှောင်ဒေသခံ (၁၇၄၅)ဦးအတွက် အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း ပုလောစစ်ရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်တာ နှစ်ပတ်ကျော်လောက်ရှိပြီ။ ရွာတွေထဲကို စစ်တပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်စီးတယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ ဖမ်းဆီးတာ လုပ်နေတဲ့အတွက် အိမ်ကို လုံးဝမပြန်ရဲကြတော့ဘူး။ လူဦးရေအနေနဲ့ ၁၇၀၀ ကျော်အထိရှိလာတယ်။ သူတို့အတွက် အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်”ဟု ပုလောစစ်ရှောင်ကူညီရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ပုလောစစ်ရှောင်စခန်းအတွင်း ယခုဇူလိုင်လ ပထမအပတ်အထိ စစ်ရှောင်ဒေသခံ (၁၉၃၉)ဦးအထိရှိခဲ့ပြီး ဒေသခံ(၂၀၀)ဦးနီးပါးမှာ နေရာပြောင်းရွှေ့မှုကြောင့် လက်ရှိအချိန်၌ ဒေသခံ(၁၇၄၅)ဦးသာ ကျန်ရှိတော့ပြီး ၎င်းတို့မှာ နီးစပ်ရာ တောတောင်များတွင် ယာယီတဲအိမ်များထိုးကာ နေကြရကြောင်း ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီစာရင်းအရ သိရသည်။

ထို့ကြောင့် ယင်းစစ်ဘေးရှောင်များအတွက်လိုအပ်သည့် အမိုးအကာများနှင့် စားနပ်ရိက္ခာအချို့ရှိနေသော်လည်း ရန်ကုန်-တနင်္သာရီ-ပုလော ကားလမ်းမ၌ စစ်ကောင်စီတပ်သားများမှ စစ်ဆေးရေး တင်းကြပ်မှုကြောင့် သွားလာရန်အခက်အခဲများစွာ ဖြစ်ပေါ်နေရသည်ဟုလည်း စစ်ရှောင်များကို ကူညီထောက်ပံ့ပေးသူတစ်ဦးက ဆိုသည်။

“အမိုးအကာတွေကိုတော့ အလှူရှင်တွေဆီက အလှူခံထားတယ်။ စားနပ်ရိက္ခာတွေ ထောက်ပံ့ဖို့အတွက်ကတော့ အခုတနင်္သာရီ-ပုလော ကားလမ်းမမှာ စစ်တပ်တွေ အတင်းအကြပ်စစ်ဆေးတာရှိတော့ သွားလာဖို့အခက်တွေ့နေရတယ်”ဟု အဆိုပါထောက်ပံ့ပေးသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် စားနပ်ရိက္ခာများ မလုံလောက်မှုကြောင့် စစ်ရှောင်ဒေသခံများမှာ ရိက္ခာများအတွက် စပါးများကိုဝယ်ယူကာ လိုအပ်သည့်ဆန်ရရှိရန် ကြိတ်ခွဲနေရကြောင်း စစ်ရှောင်ဒေသခံများကပြောဆိုသည်။

“စပါးတွေဝယ်ပြီးတော့ ကြိတ်နေရတယ်။ ဆန်ရအောင်ပေါ့။ တင်းအချိန်နဲ့ ရသလိုဝယ်ရတယ်။ တချို့ဆို အပြင်မှာဖြစ်သလို အလုပ်ထွက်လုပ်ရတာလည်းရှိတယ်။ စားဖို့ကတော့ အဆင်ပြေသလိုလုပ်ကိုင်နေရတယ်”ဟု စစ်ရှောင်ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်မှစပြီး ယနေ့အထိ ပုလောမြို့နယ်အတွင်း ကျေးရွာများသို့ စစ်ကောင်စီတပ်မှ အင်အားအများအပြားဖြင့် ဝင်ရောက်မှုကြောင့် KNU တပ်မဟာ(၄) KNDF ပူးပေါင်း အဖွဲ့နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားမှု ရှိနေသည်။

ဗီဒီယိုများ