- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
ပလက်ဝဒေသခံ ၄၀ ကျော်ကို ဒေသန္တရအမိန့်လိုက်နာရန် ပျက်ကွက်မှုဖြင့် အရေးယူရန်စီစဉ်နေ
ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းများနှင့် ညမထွက်ရအမိန့်(၁၄၄)ကို ဖောက်ဖျက်ကျူးလွန် ခဲ့သည်ဟုဆိုကာ ချင်းပြည်နယ်၊ စစ်ဘေးရှောင်များအပါအဝင် ပလက်ဝဒေသခံ (၄၁)ဦးကို ဒေသန္တရအမိန့် လိုက်နာရန်ပျက်ကွက်မှုဖြင့် အရေးယူရန်စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
17 Sep 2020

နှင်းနွယ် | DMG
စက်တင်ဘာ ၁၆ ၊ ပလက်ဝ
ကိုဗစ်ကာလအတွင်း သတ်မှတ်ထားသည့်စည်းကမ်းများနှင့် ညမထွက်ရအမိန့်(၁၄၄)ကို ဖောက်ဖျက်ကျူးလွန် ခဲ့သည်ဟုဆိုကာ ချင်းပြည်နယ်၊ စစ်ဘေးရှောင်များအပါအဝင် ပလက်ဝဒေသခံ (၄၁)ဦးကို ဒေသန္တရအမိန့် လိုက်နာရန်ပျက်ကွက်မှုဖြင့် အရေးယူရန်စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ပလက်ဝဒေသခံ ၄၀ ကျော်မှာ ကိုဗစ်ကာလအတွင်း ကုန်းလမ်း၊ ရေလမ်းများ ပိတ်ပင်ထားသည့်အချိန်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်သို့ လူစုလူဝေးများဖြင့် တောလမ်းမှ ပစ္စည်းသွားသယ်ယူခဲ့သည့်အပြင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်အချိန်ကို ကျော်လွန်၍ သွားလာနေမှုများကြောင့် ယခုလိုအရေးယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်က DMG သို့ ပြောသည်။
“အခုအချိန်က ကုန်းလမ်းရော၊ ရေလမ်းရော၊ တောလမ်းကိုပါ ပိတ်ထားတဲ့အချိန်ပေါ့။ တောလမ်းကသွားတဲ့ အခါလည်း ဘယ်လမ်းကနေ ဘယ်လိုသွားရမှန်းလည်းမသိတော့ လုံခြုံရေးအစီအမံနဲ့စောင့်နေတဲ့ တပ်မတော်နဲ့ သွားတိုးတာပေါ့။ တပ်မတော်နဲ့တွေ့တဲ့အချိန်မှာလည်း လူဦးရေကလည်း (၄၁)ယောက်။ အချိန်ကလည်း ည (၇)နာရီခွဲ၊ (၈)နာရီ။ ပုဒ်မ (၁၄၄)ကလည်း ည (၆)နာရီကနေ မနက် (၆)နာရီအထိ မထွက်ရဘူးဆိုပြီး ထုတ်ထားတယ်။ ဆိုတော့သူတို့တွေက ဥပဒေနှစ်ခုနဲ့ ငြိသလိုဖြစ်တာပေါ့”ဟု ဦးစိုးထက်က ဆိုသည်။
တပ်မတော်နှင့် AA တို့၏ စစ်ရေးပဋိပက္ခများကြောင့် ချင်းပြည်နယ်၊ ပလက်ဝဒေသကို ပြီးခဲ့သည့် ၂၀၁၉ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ကာ ညမထွက်ရအမိန့်ပုဒ်မ(၁၄၄) ထုတ်ပြန်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းသို့သွားရောက်ခဲ့သည့် ဒေသခံများကို နေအိမ်များ၌ အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးအနေဖြင့်လည်း လုပ်ထုံး၊လုပ်နည်းအတိုင်း အရေးယူဆောင်ရွက်ရန် စီစဉ်နေသည်ကိုသိရကြောင်း ဝန်ကြီးဦးစိုးထက်က ဆက်ပြောသည်။
ပလက်ဝဒေသခံ အမျိုးသမီး(၁၃)ဦးနှင့် အမျိုးသား(၂၈)ဦးတို့မှာ ပြီးခဲ့သည့် စက်တင်ဘာလ(၉)ရက်နေ့က ကျောက်တော်ဘက်သို့သွားသည့်လမ်း၌ရှိသည့် ရေတင်းခွန်ကျေးရွာ၌ ပစ္စည်းအငှားထမ်းပြီး ညနေပိုင်း ၅ နာရီ ခန့်၌ပြန်လာစဉ် လမ်းခုလတ်တွင် တပ်မတော်သားများနှင့်တွေ့ကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကာယကံရှင် များက DMG သို့ ပြောဆိုထားသည်။
ထို့နောက် စက်တင်ဘာလ(၁၁)ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီးခံရသူများထဲမှ အမျိုးသားအချို့မှာ စစ်ဆေးခံရစဉ် ရိုက်နှက်ခံရမှုများရှိခဲ့ကြောင်းလည်း မိသားစုဝင်များထံမှ သိရသည်။
ယင်းသို့ ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က စက်တင်ဘာလ (၁၅)ရက်နေ့ ထုတ်ပြန်ချက်တွင် အဘောင်သာကျေးရွာမှ ပလက်ဝမြို့ဘက်သို့ ဒေါ်ရွှေလုံး(ခ)ခိုင်သင်ဇာလွင်မှ မသကာၤဖွယ် ပစ္စည်းများအား အထမ်းသမား(၄၀)ဦးနှင့်အတူ ကန့်သတ်နယ်မြေများမှ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကို အသိပေးအကြောင်းကြားခြင်းမရှိဘဲ စက်တင်ဘာလ(၉)ရက်နေ့ ည(၇)နာရီခန့်တွင် မသကာၤဖွယ် လျှို့ဝှက်သယ်ဆောင်လာမှုအား တွေ့ရှိရ၍ ခေတ္တဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် ၎င်းဒေသခံများအား ပလက်ဝမြို့နယ်ရဲစခန်းနှင့် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသန္တရအမိန့်လိုက်နာရန်ပျက်ကွက်မှု ဥပဒေပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး စိစစ်မေးမြန်းလျက်ရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်က ဆိုသည်။
ယင်းသို့ တပ်မတော်၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဖမ်းဆီးခံခဲ့ရသူများ၏မိသားစုဝင်များက ၎င်းတို့မှာ ညမထွက်ရအမိန့် သတ်မှတ်ထားသည့်အချိန်တွင် ဖမ်းဆီးခံရခြင်းမဟုတ်ကြောင်း ပြောဆိုသည်။
“ကျနော့်ညီတို့ကို ဖမ်းတဲ့အချိန်က အလွန်ဆုံးရှိရင် (၅)နာရီကျော်လောက်ပဲရှိမယ်။ အဲဒီအချိန်ကတည်းကနေ ဖမ်းပြီးတော့စုထားတယ်။ ညမိုးချုပ်ချိန် (၈)နာရီဝန်းကျင်လောက်မှ တပ်ရင်းကိုခေါ်သွားတာလို့ပြောတယ်။ အခု ညမထွက်ရသတ်မှတ်ထားတဲ့ အချိန်ကိုကျော်ပြီးသွားတယ်လို့ ပြောတာကတော့ တပ်မတော်သားတွေက သူတို့ကို စဖမ်းတဲ့အချိန်ကိုမပြောဘဲ ဖမ်းတဲ့နေရာကနေ တပ်ရင်းကို ခေါ်သွားတဲ့အချိန်ကိုပဲ အတည်ယူပြီး ပြောတာဖြစ်မယ်’’ ဟု ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးဖြစ်သည့် ဦးအောင်အောင်က ပြောသည်။
ယင်းအပြင် ယခုဖမ်းဆီးမှုဖြစ်ပွားခဲ့သည့်နေရာမှာ ကန့်သတ်ထားသည့်နယ်မြေမှန်းသိသော်လည်း မိသားစု စားဝတ်နေရေးအခက်အခဲများကြောင့် မဖြစ်မနေသွားလာနေရခြင်းဖြစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ထောက်ခံချက်ဖြင့် သွားရောက်ခြင်းဖြစ်ကြောင်းလည်း ဖမ်းဆီးခံခဲ့ရသူတစ်ဦးက ပြောသည်။
“ကျနော်တို့က စားဝတ်နေရေး အဆင်မပြေတဲ့အတွက် သွားရတာ။ မလုပ်ရင်ငတ်မယ်။ ဒီမှာက အလုပ်အကိုင်ကလည်း ဘာမှမရှိဘူး။ အရင်ဆိုရင် ပန်းရံတွေ၊ ဘာတွေလုပ်ရသေးတယ်။ အခုကမြို့ထဲမှာလည်း ဘာအလုပ်မှ မရှိဘူး။ ဒါကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဆီက ထောက်ခံချက်တွေယူပြီး အဲဒီဖက်ကို အလုပ်သွားလုပ်တာပါ။ တပ်မတော်ကဖမ်းတဲ့အချိန်မှာလည်း ထောက်ခံချက်ကို ကျနော်တို့ပြလိုက်တယ်။ ဒါပေမယ့် သူတို့က ဘာမှမပြောဘူး ’’ ဟု လုံခြုံရေးအရအမည်မဖော်လိုသည့် ဖမ်းဆီးခံခဲ့ရသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါဒေသခံများအား လူခွဲပြီး ပလက်ဝရှိတပ်မတော်တပ်ရင်းတွင် ခေါ်ယူစစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဒေသခံများထံမှသိရသည်။