စစ်တွေတွင် စစ်ဆေးရေးဂိတ်နှစ်ခု ထပ်တိုးချထား

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အခြေခံလူတန်းစားများနေထိုင်ရာ ကယ်ဆယ်ရေးရပ်ကွက်နှင့် ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူ)ရွာတို့တွင် ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ စစ်ဆေးရေးဂိတ်နှစ်ခု ထပ်တိုးချထားကြောင်း ဒေသခံများထံမှသိရသည်။

06 Sep 2022

စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက်ရှိ ဝါးဆိပ်တံတားကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၆

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အခြေခံလူတန်းစားများနေထိုင်ရာ ကယ်ဆယ်ရေးရပ်ကွက်နှင့် ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူ)ရွာတို့တွင် ပြီးခဲ့သည့်သြဂုတ်လမှစတင်ကာ စစ်ဆေးရေးဂိတ်နှစ်ခု ထပ်တိုးချထားကြောင်း ဒေသခံများထံမှသိရသည်။

အသစ်တိုးချဲ့ထားသော စစ်ဆေးရေးဂိတ်များမှာ ကယ်ဆယ်ရေးရပ်ကွက် ဝါးဆိပ်တံတားနှင့် ဆတ်ရိုးကျရပ်ကွက်(ဗျိုင်းဖြူရွာ)သို့သွားသည့် လမ်းဆုံတို့တွင်ဖြစ်သည်။ ယင်းစစ်ဆေးရေးဂိတ်တစ်ခုနှင့်တစ်ခုမှာ ဆိုင်ကယ်နှင့်သွားလျှင် ၇ မိနစ်ခန့်သာ ကြာမြင့်နိုင်ခြေရှိသည်။

အဆိုပါဂိတ်များကို မည်သည့်အတွက်ကြောင့်ချထားသည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် မြန်မာစစ်တပ်က နေရာယူထားကြသည်။

ထိုသို့ စစ်ဆေးရေးဂိတ်များချထားသဖြင့် အလုပ်ပြန်ချိန်နောက်ကျတတ်သည့် အလုပ်သမားများမှာ စစ်ဆေးခံရမည်ကိုစိုးရိမ်၍ ညဉ့်မနက်ခင် အလျှင်အမြန်ပြန်လာနေရသည်။ အချို့မှာလည်း စိုးရိမ်၍ အလုပ်ထွက်လိုက်ကြသူများလည်းရှိကြောင်း ဗျိုင်းဖြူရွာမှ အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

“အရင်တစ်လောက အရမ်းစစ်ဆေးတယ်။ အုပ်ချုပ်ရေးမှူးကတော့ ဒီရွာကလူတွေက သာမာန်အလုပ်သမားတွေပါ။ အရမ်းမစစ်ဆေးပါနဲ့လို့ ပြောထားတယ်တဲ့။ သူတို့ စစ်ချင်တဲ့အချိန် စစ်တယ်။ မှန်းလို့ပြောလို့မရဘူး။ အိမ်ကယောကျ်ား အလုပ်သွားရင် ညနေပိုင်းဆို လမ်းထိပ်တွေကိုထွက်ပြီး စောင့်ကြိုနေကြရတယ်။ တခြားမိန်းမတွေလည်းအဲလိုပါပဲ။ သူတို့ တစ်ခုခုမှားယွင်းပြီးစွပ်စွဲမှာကို အရမ်းကြောက်တာပေါ့“ဟု ပြောသည်။

ဆတ်ရိုးကျ(ဗျိုင်းဖြူရွာ)နှင့် ကယ်ဆယ်ရေးရပ်ကွက်မှ ဒေသခံများမှာ စစ်တွေမြို့တွင်းထဲရှိ ကုန်စုံဆိုင်များနှင့် တခြားအရောင်းအဝယ်လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြပြီး တစ်ချို့မှာလည်း မြို့ထဲတွင် အငှားယာဉ်မောင်းကြရာ ညနေမှပြန်လာတတ်ကြသည်။

“ဒီရွာမှာက မြို့ထဲနဲ့လည်း နည်းနည်းအလှမ်းဝေးတော့ အလုပ်ပြန်ချိန် အရမ်းနောက်ကျကြတယ်။ ကျွန်မယောက်ျားရဲ့ အရင်အလုပ်ဆိုရင် မနက် ၃ နာရီမှ အိမ်ပြန်ရောက်တယ်။ အခုထွက်လိုက်ပြီ။ ပိုက်ဆံ ၈ ထောင်လောက်နဲ့ ဆန်ဆိုင်တစ်ခုမှာဝင်လုပ်နေတယ်။ အိမ်ကိုစောစောစီးစီးရောက်ဖို့ လိုတယ်လေ။ ပိုက်ဆံအများရမှာကို ကြည့်နေလို့မရတော့ဘူး“ဟု ဗျိုင်းဖြူရွာမှ နောက်ထပ်အမျိုးသမီးတစ်ဦးကဆိုသည်။

ဆတ်ရိုးကျ ကယ်ဆယ်ရေးဝါးဆိပ်တံတားအဆင်းတွင်လည်း ပြီးခဲ့သည့် သြဂုတ်လတတိယပတ်မှစ၍ စစ်ဆေးရေးဂိတ်ချထားသောကြောင့် ဝါးဝယ်ရန်လာရောက်သူ ယခင်ထက်နည်းသွားကြောင်း ဝါးအရောင်းအဝယ်ပြုလုပ်နေသည့် အမျိုးသားတစ်ဦးကပြောသည်။

“ဒီနေရာမှာတော့ တစ်ခါမှ စစ်ဆေးတာတော့မရှိသေးဘူး။ ရောင်းစားနေကြတဲ့လူတွေကတော့ သူတို့ရှိရင် နည်းနည်းအနှောင့်အယှက်ဖြစ်တယ်ပေါ့။ ဝါးလာဝယ်တဲ့လူတွေကလည်း နည်းနည်းသတိထားကြတယ်လေ“ဟု ၎င်းကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး သက်လွင်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။ အလားတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “ကယ်ဆယ်ရေး ဝါးဆိပ်တံတားအနားက ရဲကင်းကတော့ လိုအပ်ချက်အရဆောက်ထားတာဖြစ်တယ်။ ဗျိုင်းဖြူရွာအဝကရဲကင်းမှာတော့ စစ်သားတွေစောင့်နေလို့ ကျနော်လည်းအတိအကျမသိပါ”ဟု DMG သို့ပြောသည်။

စစ်တွေမြို့နယ်အတွင်းတွင် ကျောက်တန်းကျေးရွာအနီး စစ်ဆေးရေးဂိတ်၊ သက္ကယ်ပြင်ရွာအဝင် စစ်ဆေးရေးဂိတ်၊ ဘုမေရွာအဝင် စစ်ဆေးရေးဂိတ်၊ စစ်တွေမြို့ဝင် စစ်ဆေးရေးဂိတ်တို့လည်းရှိသည်။

လက်ရှိတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပလက်ဝ၊ မြောက်ဦး၊ မောင်တော၊ ရသေ့တောင် စသည့်မြို့နယ်များတွင် တိုက်ပွဲဖြစ်ပွားမှုရှိနေသောကြောင့် စစ်ကောင်စီက မြို့နယ်အချို့တွင် ညမထွက်ရအမိန့်များကို သက်တမ်းတိုးထုတ်ပြန်ခြင်းနှင့် တင်းကျပ်စွာစစ်ဆေးမှုများ ရှိနေသည်။

ဗီဒီယိုများ