မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား အကြမ်းဖက်ဖမ်းဆီးနေခြင်းအား ရပ်တန့်ရန် မလေးရှားအစိုးရကို တောင်းဆို

ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရိုက်နှက်ခြင်း၊ အဝတ်အစားများကို အတင်းအကြပ် ချွတ်ခိုင်းခြင်း၊ နှိပ်စက်ခြင်းနှင့် အခြားသော အခြေခံလိုအပ်ချက်များကို ပိတ်ပင်ကာ ဥပဒေမဲ့လုပ်ရပ်များကို လုပ်နေကြောင်းလည်း Fortify Rights က ဆိုသည်။

By Admin 19 Jun 2025

တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို မလေးရှားအာဏာပိုင်များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့စဉ်။ ဓာတ်ပုံ - Jim Selangor
တရားမဝင် ရွှေ့ပြောင်းနေထိုင်သည့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို မလေးရှားအာဏာပိုင်များက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့စဉ်။ ဓာတ်ပုံ - Jim Selangor

DMG ၊ ဇွန် ၁၉

မလေးရှားနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များအား မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနမှ အကြမ်းဖက်ဖမ်းဆီးနေသည့် လုပ်ရပ်များကို ရပ်တန့်ပေးရန် Fortify Rights က ဇွန်လ ၁၈ ရက်တွင် တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံရပြီးနောက် ထိန်းသိမ်းရေးစခန်းများတွင် ရိုက်နှက်ခြင်း၊ အဝတ်အစားများကို အတင်းအကြပ် ချွတ်ခိုင်းခြင်း၊ နှိပ်စက်ခြင်းနှင့် အခြားသော အခြေခံလိုအပ်ချက်များကို ပိတ်ပင်ကာ ဥပဒေမဲ့လုပ်ရပ်များကို လုပ်နေကြောင်းလည်း Fortify Rights က ဆိုသည်။

"လုံခြုံမှုနဲ့ အကာအကွယ်ရှာနေတဲ့သူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးတာ၊ ခွဲခြားဆက်ဆံတာ၊ ညှင်းပန်းနှိပ်စက်တာတွေကို မလေးရှားအရာရှိတွေ လုပ်နေပါတယ်။ အစိုးရအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဝင်ရောက်စီးနင်းမှုတွေကို အဆုံးသတ်ရမယ်" ဟု Fortify Rights ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Yap Lay Sheng က ပြောထားသည်။

မလေးရှားနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များ ဖမ်းဆီးခံရမှုမှာ ၂၀၂၄ ခုနှစ်တွင် ၄၅,၇၈၄ ဦးရှိခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် မေ ၁၃ ရက်နေ့အထိ ၃၄,၂၈၇ ဦးရှိကြောင်း Fortify Rights အစီရင်ခံစာက ဖော်ပြသည်။

ထိုသို့ ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံမှ မွတ်ဆလင်၊ ရခိုင်၊ ဗမာ၊ မွန်နှင့် ကချင် စသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ဒုက္ခသည်များပါဝင်ပြီး လစဉ် ရှောင်တခင်ဝင်ရောက် ဖမ်းဆီးမှုပေါင်း ၇,၈၀၀ ကျော်ရှိနေကြောင်း သိရသည်။

"‎လဝကရော၊ စည်ပင်ရော၊ ရဲရော အကုန်အဖွဲ့ပေါင်းစုံ ပူးပေါင်းပြီး လာဖမ်းနေကြတာ။ လိုအပ်ရင် စစ်သားတွေလည်း ပါလာတာမျိုးတွေရှိတယ်။ အော်ပရာစီ အကြီးစားပေါ့။ ဇွန်လ ၁၅ ရက်မှာလည်း အော်ပရာစီ အကြီးစားက လမ်းတွေကိုပိတ်၊ စစ်ဆေးပြီးတော့ လိုက်ဖမ်းနေတာတွေရှိတယ်" ဟု မလေးရှားအခြေစိုက် ရခိုင်ဒုက္ခသည်များဆိုင်ရာကော်မတီ (CARC)မှ နာယကချုပ် ဆရာတော် ဦးဥတ္တရက DMG ကို မိန့်ကြားသည်။

ဖမ်းဆီးခံရသူများကို မလေးရှားလဝကဥပဒေအရ တရားရုံးတင်ပြီး တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် အခြေခံကာ တစ်လမှ သုံးလအထိ ထောင်ဒဏ်ချမှတ်ခံရမှုများလည်းရှိသည်။

"အဖမ်းအဆီးကတော့ နေ့တိုင်းလိုလို ရှိနေတာပါ။ ဖမ်းပြီး ပြန်လွတ်ဖို့က မလွယ်ဘူး၊ မြန်မာဘက် ပြန်ပို့တာကြောင့် စစ်ကောင်စီလက်ထဲ ရောက်သွားမှာလည်း ကြောက်ရတော့ အဖမ်းမခံရဖို့ သတိထားနေရတယ်။ မထင်ရင် မထင်သလို စီးနင်းဖမ်းတာဆိုတော့ စိုးရိမ်မှုတွေတော့ရှိကြတယ်လေ" ဟု မလေးရှားရောက် မြန်မာအလုပ်သမား ကိုနိုင်ရဲက ပြောသည်။

မလေးရှားနိုင်ငံအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော ပြစ်ဒဏ်ပေးခြင်းတို့ကို ဆန့်ကျင်သည့် ကုလသမဂ္ဂကသဘောတူညီချက် (UNCAT) အဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ဓလေ့ထုံးတမ်းဆိုင်ရာ နိုင်ငံတကာဥပဒေအရ နှိပ်စက်ညှဉ်းပန်းခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်းလည်း Fortify Rights ကဆိုသည်။

မလေးရှားနိုင်ငံအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များကို ရှောင်တခင်ဝင်ဖမ်းသည့် လုပ်ငန်းစဉ်များ ရပ်တန့်ပေးရန်နှင့် ဒုက္ခသည်များသည် မိခင်နိုင်ငံအတွင်း ဒုက္ခများကြုံရမှုကြောင့် ထွက်ပြေးလာခြင်းဖြစ်၍ တရားဝင်ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးရန် Fortify Rights က တောင်းဆိုထားသည်။