ရခိုင်တွင် လူသုံးဦးသတ်ဖြတ်ခံရမှု တပ်မတော်နှင့် အေအေတို့ အပြန်အလှန်စွပ်စွဲ

အဆိုပါ လူသုံးဦးသေဆုံးမှုအား အေအေမှသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ အေအေအား ထောက်ခံအားပေးမှုမပြုဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်က ထုတ်ပြန်သကဲ့သို့ ၎င်းတို့သုံးဦးသေဆုံးမှုသည် အေအေနှင့်သက်ဆိုင်မှုမရှိကြောင်း၊ ထိုကဲ့သို့ သတ်ဖြတ်မှုမျိုးကို ယခင်က တပ်မတော်မှ လုပ်ဆောင်မှုများရှိခဲ့သဖြင့် တပ်မတော်၏လက်ချက်သာ ဖြစ်နိုင်ကြောင်း အေအေပြောခွင့်ရ ခိုင်သုခကဆိုသည်။

11 Sep 2019

ဦးခေါင်းပိုင်းဖြတ်ပြီး ရင်ဘတ်တွင်ဓားစိုက်ထားသော အလောင်းနှစ်လောင်းကို ကမ်းထောင်းကြီးမြို့မဈေးရှေ့တွင် တွေ့ရှိခဲ့ကြသည်။ / ဓာတ်ပုံ - Facebook

ခိုင်ရိုးလ | DMG

စက်တင်ဘာ ၁၁ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် မြေပုံမြို့နယ်တို့တွင် စက်တင်ဘာလ ၉ ရက်နေ့ တစ်ညအတွင်း လူသုံးဦး ရက်စက်စွာ သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။

သေဆုံးသူများမှာ အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင် အသက် ၃၉ နှစ်၊ သဲကမ်းထောင်းကျေးရွာမှ မောင်လုံးအသက် ၄၀နှစ်နှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ ဦးညီညီထွေးတို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့သုံးဦးမှာ ခေါင်းဖြတ်သတ်ဖြတ်ခံရခြင်း၊ ဓါးဖြင့်အချက်ပေါင်းများစွာ ထိုးသွင်းခံရခြင်း စသည့် ရက်စက်စွာသတ်ဖြတ်ခံရမှုများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လူသုံးဦးသေဆုံးမှုအား အေအေမှသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့မှာ အေအေအား ထောက်ခံအားပေးမှုမပြုဘဲ ရိုးသားစွာ လုပ်ကိုင်စားသောက်နေသူများဖြစ်ကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။

တပ်မတော်မှ ထုတ်ပြန်သကဲ့သို့ ၎င်းတို့သုံးဦးသေဆုံးမှုသည် အေအေနှင့်သက်ဆိုင်မှုမရှိကြောင်း၊ ထိုကဲ့သို့ သတ်ဖြတ်မှုမျိုးကို ယခင်က တပ်မတော်မှ လုပ်ဆောင်မှုများရှိခဲ့သဖြင့် တပ်မတော်၏လက်ချက်သာ ဖြစ်နိုင်ကြောင်း အေအေပြောခွင့်ရ ခိုင်သုခက ဆိုသည်။

“အဲဒီကိစ္စက ဖြစ်နိုင်ခြေရှိတာက စစ်တပ်ဘက်ကလုပ်တာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ဘက်ကလုပ်တာ လုံးဝမရှိဘူး။ စစ်တပ်က အရင်တုန်းက ရမ်းချောင်းတိုက်ပွဲကာလအတွင်းမှာ အရပ်သားတချို့ကို ဗိုက်ခွဲပြီး သတ်ခဲ့တာတွေ ရှိခဲ့တယ်။ နောက် လောရမတောင်တန်း တိုက်ပွဲတုန်းကလည်း ပုဏ္ဏားကျွန်းဘက်က အရပ်သားတချို့ကို ဗမာစစ်တပ်ဘက်က ရက်ရက်စက်စက် သတ်ခဲ့တာရှိတယ်။ အခုတက်လာတဲ့ ဓာတ်ပုံကို ကြည့်ရတာ အရင်ကတည်းက စစ်တပ်ဘက်လုပ်တဲ့ ဖြစ်စဉ်နဲ့ တူနေတယ်” ဟု ခိုင်သုကပြောသည်။

သို့သော် ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများကို အကြောင်းပြုပြီး လူသတ်မှုကျူးလွန်နိုင်ကြောင်းလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်သည်။

“နှစ်ဖက်အဖွဲ့အစည်းက သတ်တာမဟုတ်ဘဲ ကြားလူတွေကလည်း အရှောင်ထုတ်ပြီး ထင်ယောင်ထင်မှား လုပ်ပြီးတော့ လူသတ်မှုတွေ ကျုးလွန်လာနိုင်တယ်။ ခြုံပြောရရင်တော့ ဒီလိုမြင်ကွင်းမျိုးဟာ လူထုကို ကြောက်လန့်အောင် လုပ်တယ်လို့ မြင်တယ်။ ဒီဟာသည် နောက်ပိုင်းမှာ ပယောဂတွေ၊ အဖျက်အမှောက် လုပ်ရပ်တွေနဲ့ ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးရေးဟာ တစ်ရက်ထက်တစ်ရက် ဆိုးရွာလာတယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

မြေပုံမြို့နယ်အတွင်းတွင် ယခု ၂၀၁၉ ခုနှစ်အတွင်း သေနတ်ဖြင့်ပစ်ခတ်မှု၊ ဓားထိုးသတ်ဖြတ်မှု စုစုပေါင်း ၇ မှု အထိရှိခဲ့ပြီး အမှုမှန်ကို သက်ဆိုင်ရာမှ မဖော်ထုတ်နိုင်သေးသဖြင့် ဥပဒေစိုးမိုးမှု အားနည်းလာကာ ဒေသခံများ စိုးရိမ်ကြောက်လန့်စိတ်များ ဖြစ်ပေါ်နေကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

မြေပုံမြို့နယ်တွင် ယခုကဲ့သို့ ခေါင်းဖြတ်သတ်ဖြတ်ခံရမှုသည် ရက်စက်ရာရောက်ကာ နယ်မြေလုံခြုံမှုမရှိသကဲ့သို့ ခံစားလာရကြောင်းလည်း မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်းဝင်းက ဆိုသည်။

“အခုလို ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတာဟာ နယ်မြေလုံခြုံမှုမရှိဘူးလို့ ခံစားရတယ်။ ဒီလို လုပ်ရပ်တွေက အင်မတန်မှ ရက်စက်ရာလည်းကျတယ်။ ဒီလို ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ စောစောစီးစီး ဖေါ်ထုတ်နိုင်ဖို့ လိုအပ်တယ်လို့ အကြံပြုလိုတယ်” ဟု ၎င်းကပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်ထဲတွင် ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ ၁ ဦး၊ မြေပုံမြို့နယ် စံညှင်းကျေးရွာမှ ၁ ဦး၊ တိမ်ညိုရဲစခန်းမှူး ၁ ဦး၊ ကျောက်တော်မြို့နယ် ပီကောက်ဝကျေးရွာမှ ၁ ဦး၊ ကျောက်တော်မြို့နယ် ဆင်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် သာဒါဆိပ်ကျေးရွာ ရာအိမ်မှူးတို့ ၂ ဦး၊ ကျောက်တော်မြို့နယ် ဝါးတောင် ကျေးရွာမှ ၂ ဦး၊ ယိုးတရုပ်ဈေးအတွင်း ဒုရဲအုပ် ၁ ဦး စသည့် လူ ၉ ဦးတို့ကို အေအေမှ လက်နက်ငယ်များ၊ ဓားများဖြင့် ပစ်ခတ်ထိုးသတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ဗီဒီယိုများ