AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ပြောခြင်းသည် ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်ဆီးရန်ကြိုးပမ်းခြင်းဟု AA တုန့်ပြန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်ကခေါ်ယူပြီး AA ၏ အုပ်ချုပ်ရေးကိစ္စများကိုလက်မခံရန်ပြောကြားခြင်းမှာ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်စီးရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

09 Sep 2021

DMG ၊ စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်ကခေါ်ယူပြီး AA ၏ အုပ်ချုပ်ရေးကိစ္စများကိုလက်မခံရန်ပြောကြားခြင်းမှာ ဒေသတွင်းတရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်စီးရန်ကြိုးစားနေခြင်းဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

“ကျောက်တော်မှာရှိတဲ့ မွတ်ဆလင်ရွာသူကြီးတွေကို မြန်မာစစ်တပ်ကခေါ်ယူပြီးတော့ AA ရဲ့အုပ်ချုပ်ရေးကိစ္စကို လက်မခံဖို့၊ နောက်ပြီးတော့ မှုခင်းတွေဖြစ်ရင် ULA/AA ကိုမတိုင်ဖို့ ပြောဆိုတယ်လို့ ကျွန်တော်တို့သိရတယ်။ ဒါဟာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးကို မြန်မာစစ်တပ်ကနှောင့်ယှက်ဖျက်စီးဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်ကိုကန့်ကွက်ရှုတ်ချပါတယ်။ တဖက်ကပြောရမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်ဖို့ကြိုးစားတာဖြစ်တယ်။ ဒါဟာလုံးဝလက်ခံနိုင်စရာမရှိတဲ့ကိစ္စဖြစ်ပါတယ်”ဟု ဦးခိုင်သုခကဆိုသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော်(AA)မှ ရဲသင်တန်း၊ အုပ်ချုပ်ရေးသင်တန်းများပေးပါက လက်မခံကြရန် စက်တင်ဘာ ၆ ရက်နေ့က စစ်တပ်ကခေါ်ယူပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မွတ်ဆလင်ကျေးအုပ်ချုပ်ရေးမှူးများကို ခမရ(၃၇၅)တပ်ရင်း အစည်းအဝေးခန်းမသို့ခေါ်ယူကာ စကစ(၉)တပ်ရင်းမှ တာဝန်ရှိသူများက ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက DMG သို့ ပြောဆိုထားသည်။

ရခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)မှ ရခိုင်ပြည်အတွင်းဖြစ်ပွားသည့်အမှုကိစ္စများကို တိုင်ကြားနိုင်ကြောင်းနှင့် တရားစီရင်ရေးကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁ ရက်နေ့ကထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်တပ်က ပြောကြားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့နယ်မှ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို စစ်တပ်ကခေါ်ယူပြီး AA နှင့်ပတ်သက်သည့်ကိစ္စများရပ်များကို သတင်းပေးရန် ဖိအားပေးပြောကြားခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၀ လခန့်ရှိလာနေပြီးဖြစ်ကာ လက်ရှိတွင် စစ်တပ်က မြို့နယ်အချို့၌အင်အားဖြင့် လှည့်လည်နေမှုများကြောင့် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ဗီဒီယိုများ