AA သိမ်းပိုက်ထားသည့် မောင်တောမိုင်တိုင်(၄၀)စခန်းကို မြန်မာစစ်တပ်က လေကြောင်းဖြင့်တိုက်ခိုက်

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

03 Sep 2022

ယခင်တိုက်ပွဲကာလအတွင်းက မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၃

ရက္ခိုင့်တပ်တော်(AA)မှ သိမ်းပိုက်ထားသည့် ရခိုင်ပြည်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းအနီးတွင် မြန်မာစစ်တပ်က ရဟတ်ယာဉ် ၅ စီးဖြင့်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

တိုက်ပွဲပြင်းနေသည့်နေရာမှာ ခမောင်းဆိပ်ကျေးရွာအနီး မိုင်တိုင်အမှတ်(၄၀) နယ်ခြားစောင့်စခန်းနှင့် ဝေလာတောင် စသည့်နေရာများကို မြန်မာစစ်တပ်ဘက်က ယနေ့(စက်တင်ဘာလ ၃ ရက်) နံနက် ၉ နာရီခန့်က ရဟတ်ယာဉ် ၅ စီးဖြင့် လာရောက်ပစ်ခတ်နေကြောင်း မင်္ဂလာညွန့်ကျေးရွာသားတစ်ဦးက DMG သို့ပြောသည်။

“ဒီနေ့နံနက်ကတည်းက ပစ်နေတာ။ ပစ်တာကတော့ ရဟတ်ယာဉ် ၅ စီးနဲ့လာပစ်တာပါ။ လက်နက်ကြီးသံတွေက သိပ်ကို ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသံတွေကိုကြားရပါတယ်။ အဓိကတော့ အဲဒီအနီးအနားတွေဖြစ်တဲ့ ဝေလာတောင်ကြော တစ်လျှောက်ကို ပစ်ခဲ့တာ။ ကျနော်တို့ ဘုန်းတော်ကြီးကျောင်းက မြင်ရတယ်”ဟု သူကဆိုသည်။

ယင်းအပြင် မိုင်တိုင်အမှတ်(၄၀)စခန်းအနီးကို ယခုရက်ပိုင်းအတွင်း နေ့တိုင်းလိုလို ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခတ်မှုရှိနေကာ (၁၁)နာရီကျော်တွင် ရပ်တန့်သွားဖြစ်ပြီဖြစ်ကြောင်း တမန်းသားကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့မနက်ပိုင်းက ရဟတ်ယာဉ်တွေနဲ့ လက်နက်ကြီးတွေပစ်တယ်။ ရွာထဲကတောင် အသံအကျယ်ကြီးကြားရတယ်။ အခုတော့ ငြိမ်သွားပါပြီ။ ရွာသားတွေကတော့ ကြောက်လန့်ပြီး စိုးရိမ်နေကြတာပေါ့”ဟု အဆိုပါဒေသခံက ဆိုသည်။

အဆိုပါ AA သိမ်းပိုက်ခဲ့သည့် မိုင်တိုင်(၄၀)တိုက်ပွဲမှာ မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ဖြစ်စဉ်အပေါ် လက်တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ရခြင်းဖြစ်ပြီး ယင်းတိုက်ပွဲအတွင်း နယ်ခြားစောင့်(၁၉)ဦးသေဆုံးကာ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိကြောင်း AA က သြဂုတ် ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းကြောင့် အဆိုပါနယ်ခြားစောင့်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ယမန့်နေကဖော်ပြခဲ့သည်။

ယင်းအပြင် AA အနေဖြင့် ထာဝရငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်နေစဉ် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လျစ်လျူရှု၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားမှတ်တိုင်အမှတ်ဘီပီ-၄၀ ရှိ နယ်ခြား စောင့်ရဲတပ်ဖွဲ့စခန်းအား ဩဂုတ်လ ၃၁ ရက် နံနက်ပိုင်းတွင် AA အဖွဲ့က သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထိုသတင်းစာတွင်တွေ့ရသည်။

ထိုသို့ မိုင်တိုင်(၄၀)အနီးရှိ နယ်ခြားစောင့်ရဲစခန်းကို AA က သိမ်းပိုက်လိုက်သည့်အတွက် စစ်ကောင်စီက ပြန်လည်ရရှိရန် ရဟတ်ယာဉ်အများအပြားဖြင့် အင်အားသုံးပစ်ခတ်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခမောင်းဆိပ်၊ မင်းခမောင်း၊ တရိမ်း၊ မင်းကြီး စသည့် ကျေးရွာသားများမှာ ထွက်ပြေးနေရကြောင်း မောင်တောမြို့နယ် အမတ်ဟောင်း ဦးမောင်အုန်းက ပြောဆိုသည်။

“အခုလက်ရှိ မောင်တောအခြေအနေက တော်တော်ကို ဆိုးဝါးနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နေစဉ်လိုလို ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေရှိတယ်။ အခုရက်ပိုင်းဆိုရင် ပိုဆိုးလာတယ်။ အခုဆိုရင် အဲဒီအနီးအနားရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်။ အခုလိုမျိုး တာရှည်တိုက်ပွဲဖြစ်နေရင်တော့ ဒေသခံတွေအတွက် အများကြီးစားဝတ်နေရေး အခက်အခဲရှိနိုင်တယ်”ဟု ဦးမောင်အုန်းကဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် နေရာအနှံ့တွင် စစ်ရေးတင်းမာမှုများရှိနေပြီး မောင်တောနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လဆန်းမှ ယနေ့အချိန်ထိ တစ်လနီးပါး တိုက်ပွဲဆက်တိုက်ပြင်းထန်နေကြောင်းလည်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက DMG ကို ဖြေဆိုထားသည်။

ဗီဒီယိုများ