အမ်းတွင် မြန်မာစစ်တပ်က စီးနင်းလိုက်ပါလာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ

မအီမြို့မှ အမ်းမြို့သို့ထွက်ခွာလာသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားမှာ စက်တင်ဘာလ ၁ ရက်၊ညနေ ၃ နာရီခန့်က မြေနီရွာနှင့် တလိုင်းတောင်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

02 Sep 2022

DMG ၊ စက်တင်ဘာ ၂

မအီမြို့မှ အမ်းမြို့သို့ထွက်ခွာလာသည့် မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားမှာ စက်တင်ဘာလ ၁ ရက်၊ညနေ ၃ နာရီခန့်က မြေနီရွာနှင့် တလိုင်းတောင်ရွာအကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။

အဆိုပါကားမှာ ကုန်ကားတစ်စီးဖြစ်ပြီး မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များလိုက်ပါလာသောကြောင့် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခြင်းဟု တလိုင်းတောင်ကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။

"ကားကတော့ စစ်ကားမဟုတ်ဘူး။ မအီဖက်ကနေပြီးထွက်လာတဲ့ ကုန်ကားလို့သိရတယ်။ အဲဒီကားထက်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတယ်။ အဲဒါကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိထားရတယ်"ဟု သူကဆိုသည်။

လက်ရှိအချိန်ထိ ယင်းကားကိုလာရောက်ယူဆောင်သူ တစ်စုံတစ်ယောက်မှမရှိသေးဘဲ ကားအတွင်းတွင်လည်း ထူဆန်းသည့်တစ်စုံတစ်ရာမတွေ့ရကြောင်း ယနေ့နံနက်ပိုင်းက ကားအနီးသို့ သွားရောက်ကြည့်ရှုခဲ့သည့် တလိုင်းတောင်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးကဆိုသည်။

"ကားထဲမှာကတော့ ဘာမှတော့မတွေ့ဘူး။ အခုအချိန်ထိလည်း အဲဒီကားကို ဘယ်သူမှလာလို့လည်း မယူကြသေးဘူး။ ဒီနေ့မနက်ကပဲ ရပ်ရွာကဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေနဲ့ ကျနော်တို့ သွားကြည့်ခဲ့ကြတယ်။ လူသေတယ်၊ မသေဘူးဆိုတာလည်း တိတိကျကျမသိရဘူး။ မိုင်းဆွဲတာဟုတ်တယ်လို့တော့ ပြောကြတယ်။ စစ်တပ်ကလည်း လာမကြည့်သေးဘူး"ဟု ၎င်းကပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။

ဗီဒီယိုများ